မြစ်ကြီးနားကို နယ်စပ်ကဝင်မယ့် တရုတ်ကုန်ပစ္စည်းများဖြတ်သန်းခွင့်မပြုဟုဆို 

သြဂုတ် ၅ ၊ ဝိုင်းမော် 

မြစ်ကြီးနားမြို့နဲ့  ဝိုင်းမော်မြို့ကိုဆက်သွယ်ထားတဲ့  ဗလမင်းထင်တံတားစစ်ဆေးရေးဂိတ်မှာ  တရုတ်နယ်စပ်မှ ကုန်ပစ္စည်းများဖြတ်သန်းခွင့်မပြုတာ ရက်သတ္တပတ်နီးပါး ကြာမြင့်လာပြီလို့ ကုန်ကားမောင်းသူတွေနဲ့ ဒေသခံတွေက ပြောဆိုကြပါတယ်။ 

နယ်စပ်ကလာတဲ့ ကုန်တင်ယာဉ်များကိုလည်း  ဝိုင်းမော်မှာ  အ၀င်အထွက်ပိတ်ပင်ထားပြီး ကုန်သည်တွေလည်း အခက်အခဲဖြစ်နေကြတယ်လို့သိရပါတယ်။ 

“ အရင်တုန်းက ကားကြီးမဖြတ်ခိုင်းရင်လည်း ကားလေးနဲ့ ကဲ့(သယ်)ခိုင်းတယ်။ အခုကဘာကားနဲ့မှလည်းမကဲ့ခိုင်းဘူးဟုတ်တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

ဖြတ်သန်းခွင့်မပြုတဲ့ အကြောင်းအရာတစ်စုံတစ်ရာ မသိရပဲ ပိတ်ပင်ထားတာဟာ ရက်သတ္တပတ်ကြာမြင့်နေပြီလည်းဖြစ်ပါတယ်။

မြစ်ကြီးနားမြို့ကိုဝင်မယ့် ကုန်တင်ကားတွေကို ဖြတ်သန်းခွင့်မပိတ်ခင် ရှေ့ရက်ပိုင်းကလည်း တံတားမှာအခွန်အဆမတန်ပေးဆောင်ရကာ မြို့တွင်းမှာလည်း ထပ်မံကောက်ခံတာတွေရှိနေပြီး မပေးရင် ဖမ်းဆီးခေါ်ခံရတာတွေလည်းရှိနေပါတယ်။ 

“ ဒီတံတားကကျော်သွားရင် တပ်ကုန်း၊ ရွှေလမ်းမထိပ်မှာဖမ်းပြီးမှ  မြောက်ပိုင်းတိုင်းဘက်ကိုမောင်းသွားခိုင်းပြီး ခေါ်သွားတယ်လို့ ပြောတာပဲ”လို့ ကုန်တင်ကားသမားတစ်ဦးက ဆိုပါတယ်။

ဖြတ်သန်းခကို ကားအမျိုးအစားပေါ်မှုတည်ပြီးပေးဆောင်ရသလို ကုန်ကားတစ်စီးလျှင် အနည်းဆုံး (၁၀( သိန်းကျပ်ပေးဆောင်ရပြီး (၁၂ )ဘီးကားဆိုရင် သိန်း (၁၀၀) ကျော်ထိပေးဆောင်ရတယ်လို့ သိရပါတယ်။

ယခုလိုကုန်စည်အဝင်အထွက်ပိတ်ထားခြင်းဟာ ဒေသတွင်းကုန်ဈေးနှုန်းတွေကို ပိုမို မြင့်တက်လာစေနိုင်တယ်လို့ ဒေသခံတွေက မှတ်ချက်ပြုကြပါတယ်။ 

ဒီတံတားမှာ တရုတ်ပြည်နယ်စပ်ကန်ပိုင်တည်မြို့မှတစ်ဆင့် ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားမြို့အပြင် အခြားမြို့များကိုပါ တရုတ်မှအဝင်အထွက်ကုန်စည်တင်ပို့ရာမှာ အရေးပါတဲ့တံတားတစ်စင်းဖြစ်ပါတယ်။

နယ်စပ်ကုန်စည် စစ်ဆေးရေးစခန်းကိုလည်း  ယခင်က ဝိုင်းမော်မြို့နယ် ၊မိုင်းနားကျေးရွာ ရွှေမိုးတောင်ဘုရားတောင်ခြေအောက်မှာ ဖွင့်လှစ်ခဲ့ပြီး ယခုအခါ မိုင်နား-ဝေပါ-ဝါရှောင် ကျေးရွာများရှိလမ်းပိုင်းအတွင်းက ဆွတ်ဘွမ်ဝင်းထဲမှာ ဖွင့်လှစ်မယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *