“ဝ” ပြည်နယ်ရရှိရေး UWSA က  ငြိမ်းချမ်းရေးဆွေးနွေးစဉ် တောင်းဆို 

နေပြည်တော်မှာ UWSA နဲ့ NSPNC တို့တွေ့ဆုံနေကြစဉ်/ Credit

သြဂုတ်(၄)၊ နေပြည်တော်

ပြီးခဲ့တဲ့ ဇွန်လထဲမှာ ပန်ဆန်းမြို့ကို  ငြိမ်းချမ်းရေးအဖွဲ့ (NSPNC)  အလွတ်သဘောသွားရောက်တွေ့ဆုံခဲ့တဲ့  “ဝ”တပ်ဖွဲ့ဟာ နေပြည်တော်မှာ တရားဝင်လာရောက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးနေပြီဖြစ်တယ်လို့ ဒီနေ့ သတင်းထုတ်ပြန်မှုတွေအရ သိရပါတယ်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဟာ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နဲ့ မနေ့က သြဂုတ်(၃)ရက်ကနေစပြီး ဒီနေ့ (၄)ရက်နေ့အထိ (၂)ရက်တာ ဆွေးနွေးမှုတွေပြုလုပ်နေကြောင်း ဆိုပါတယ်။

မနေ့ကဆွေးနွေးမှုတွေထဲမှာတော့   UWSP ဘက်ကနေ အွန်လိုင်းလိမ်လည်မှုနဲ့ မူးယစ်ဆေးဝါးတွေကို ပြင်းပြင်းထန်ထန် နှိမ်နှင်းသွားမယ့်အကြောင်းနဲ့  အခုလိုငြိမ်းချမ်းရေးဆွေးနွေးမှုကို ထောက်ခံကြောင်းအပြင် ကျန်းမာရေး၊ပညာရေး ၊ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်တွေ ပါဝင်ခဲ့ကြပါတယ်။

NSPNC က “ဝ”တပ်ဖွဲ့ရဲ့ နိုင်ငံရေးလိုလားချက်တွေနဲ့ ပတ်သက်ပြီး  (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ရေးဆွေးနွေးနေပြီး  အခုဒုတိယအကြိမ်တွေ့ဆုံမှုဟာ နှစ်ဖက်အဖွဲ့အကြားမှာ အဆင့်မြင့်တိုက်ရိုက်ဆက်သွယ်ဆက်ဆံနိုင်မှု ပိုမိုမြင့်တင်နိုင်ခဲ့ကြောင်း ဆိုထားပါတယ်။

နှစ်ရက်တာ ဆွေးနွေးမှုတွေထဲမှာလည်း “ဝ”တပ်ဖွဲ့ဘက်က  ဇွန်လကလိုပဲ “ပြည်နယ်ရရှိရေး” တောင်းဆိုမှုတွေဆက်လက်ရှိနေတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြရေးသားမှုတွေ ရှိနေပါတယ်။

ဆွေးနွေးပွဲကို (UWSP) ဘက်က ဒုဥက္ကဌ ဦးကျောက်ကော်အန်း၊ ဒုအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်အိုက်ခမ်းအပြင် စစ်ဘက်ဆိုင်ရာခေါင်းဆောင် (၅)ဦးတို့ တက်ရောက်လာကြောင်း သိရပါတယ်။ 

ဦးမင်းအောင်လှိုင် အစိုးရရဲ့ ရက် (၁၀၀) အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၁၃) ဖွဲ့နဲ့တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *