
ဩဂုတ် ၃ ၊ နေပြည်တော်
ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaude de Baqque တို့ဟာ ဒီနေ့ ဩဂုတ်လ ၃ ရက်နေ့ မနက်ပိုင်းမှာတွေ့ဆုံခဲ့တယ်လို့ ICRC က အတည်ပြုထုတ်ပြန်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံစကားပြောဆိုနိုင်ခွင့်လည်းရရှိခဲ့ပြီး လေ့လာတွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကို အကျဉ်းထောင်တာဝန်ရှိသူတွေနဲ့သာ အတွင်းရေးကိစ္စအဖြစ် ထိန်းသိမ်းထားရှိမယ်လို့ ဆိုပါတယ်။
မြန်မာဘက်ကထုတ်ပြန်ရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ Mr. Arnaude de Baqque တို့နှစ်ဦး လက်ဆွဲနှုတ်ဆက်ကာ စကားပြောဆိုနေကြပုံတွေနဲ့ မွေးနေ့ကိတ်ခွဲနေတဲ့ ဒေါ်အောင်းစုကြည်ရဲ့ မှတ်တမ်း ဓာတ်ပုံတွေလည်းပါဝင်ပါတယ်။
“ ငါးနှစ်ကျော်အတွင်း မေမေနဲ့ ပတ်သက်တဲ့ အပြုသဘောဆောင်တဲ့ ပထမဆုံးတိုးတက်မှု ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်မိသားစုနဲ့အတူ ရပ်တည်ပေးခဲ့ကြတဲ့သူအားလုံးကို အထူးသဖြင့် Proof of Life လှုပ်ရှားမှုမှာ ပါဝင်ပေးခဲ့ကြသူ အားလုံးကို ကျွန်တော် အထူးကျေးဇူးတင်ပါတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် Kim က သူ့လူမှုကွန်ရက်စာမျက်နှာကနေ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပြုဖို့ နိုင်ငံအသီးသီးက တောင်းဆိုမှုဟာ (၅)နှစ်ဆက်တိုက်ရှိခဲ့ပြီဖြစ်ပေမယ့် အခုဟာ ပထမဆုံးအကြိမ်အဖြစ်တွေ့ခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကလည်း ဒီလိုတွေ့ဆုံခွင့်ရမှုတွေဟာ နိုင်ငံတကာရဲ့ ဖိအားတွေကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ပြဿနာကိုဖြေရှင်းနိုင်ရေး အမြန်ဆုံးချွင်းချက်မရှိ လွတ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ဥက္ကဌ လည်းဖြစ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေအိမ်သို့ (၂၀၂၆)ခုနှဏ် ဧပြီလကုန်မှ ပြောင်းရွေ့ခဲ့တာလည်းဖြစ်ပါတယ်။
