
ဩဂုတ် ၃ ၊ ထီးချိုင့်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ အကြီးစားစီမံကိန်း တကောင်းတောင်နီကယ်စက်ရုံကို ပြန်လည်လည်ပတ်ဖို့ ပြင်ဆင်မှုတွေ ဆောင်ရွက်နေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ သကြားစက်ရုံတွေပြန်လည်ပြီ။ နီကယ်က ပြန်လည်တော့မှာ။ ပျက်ဆီးသွားတာတွေပြန်ပြင်နေတာ။ စစ်သင်္ဘောတွေ တက်လာတုန်းက မောင်ကုန်းကနေ တိုက်ကြတာ အဲ့ဒါ လက်နက်ကြီးနဲ့ လှမ်းပြစ်လိုက်တာ ထိသွားတယ်လို့ပြောတယ်။ အခုလူနေအဆောက်အဦးတွေပြင်နေတာ” လို့ ထီးချိုင့်ဒေသခံတစ်ဦးက ပြောပါတယ်။
NUG /PDF တပ်ဖွဲ့တွေက မောင်းကုန်းကျေးရွာကို သိမ်းပိုက်လိုက်တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃ ရက်မှစပြီး တကောင်းတောင်နီကယ်စီမံကိန်းမှာ လည်ပတ်နေတဲ့ စက်ရုံတွေကို ရပ်နားလိုက်သလို အလုပ်သမားတွေကိုလည်း အနားပေးလိုက်တာဖြစ်ပါတယ်။
အဲဒီအချိန်က စီမံကိန်းအတွက် လိုအပ်တဲ့ လောင်စာတွေဖြစ်တဲ့ ကျောက်မီးသွေး ၊ဒီဇယ် တွေသယ်ယူတဲ့ မန္တလေး၊ရန်ကုန် လမ်းကြောင်းများ ပိတ်ဆို့ခံရမှုအပြင် လိုအပ်သလောက် လောင်စာမရရှိတော့တာကြောင့် ရပ်နားခဲ့ရတာဖြစ်တယ်လို့ စက်ရုံနဲ့ နီးစပ်သူက ရှမ်းနီအသံကို ဖြေဆိုခဲ့ပါတယ်။
ဒါ့အပြင် စက်ရုံအနီးမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပြီး စက်ရုံဝင်းအနီးကျရောက်ပေါက်ကွဲတဲ့ဖြစ်စဉ်တွေကြောင့်လည်း ရပ်နားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
စီမံကိန်းဟာ တရုတ်နိုင်ငံသားတွေအပါအဝင် မြန်မာ အလုပ်သမား စုစုပေါင်း တစ်ထောင်ကျော်နဲ့ လည်ပတ်နေတာလည်းဖြစ်ပါတယ်။
ထီးချိုင့်မြို့ကို စစ်တပ်က (၂၀၂၆) ခုနှစ်မှာ ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း မြို့ပေါ်နဲ့ ကျေးရွာတွေမှာ အုပ်ချုပ်ရေးယန္တရားတွေကို ပြန်လည်ပတ်နေတာပါ။
မောင်းကုန်းကျေးရွာမှာ စာသင်ကျောင်းတွေကို အခု ဩဂုတ် ပထမအပတ်မှာ ပြန်လည်ဖွင့်လှစ်ပြီး Great Wall သကြားစက်ရုံ နဲ့ တကောင်းနီကယ်စက်ရုံတွေပြန်လည် လည်ပတ်ဖို့ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
