ရေကြီးရေလျှံမှုနိုင်ငံအနှံ့ဖြစ်ပွားနေဆဲဖြစ်ပေမယ့်  မြစ်ဆုံစီမံကိန်းတည်ဆောက်ရန်ဆွေးနွေးမှုဆက်တိုက်ပြုလုပ်နေ 

မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်တွင် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သည့် ဆွေးနွေးပွဲပြုလုပ်နေစဉ်/ MOI

ဩဂုတ် ၁၀ ၊ မြစ်ကြီးနား

ကချင်ပြည်နယ်နဲ့  စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ရေကြီးရေလျှံမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေဆဲဖြစ်ပေမယ့်   ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်ရန်အတွက်  ဆွေးနွေးမှုတွေဟာ ဆက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းက  မြစ်ကြီးနားမြို့၊ ရှမ်းစုရပ်ကွက်၊ မြို့မနဲ့ လယ်ကုန်းရပ်ကွက် နဲ့  စီတာပူရပ်ကွက်များတွင်လည်း  ဒေသခံများနဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်နယ်အစိုးရသယံဇာတအဖွဲ့ဝင်များနဲ့  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာအောင်ဝင်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာအောင်ဝင်းက  မြစ်ဆုံစီမံကိန်းလုပ်ဆောင်မဲ့နေရာကို ရွေးချယ်ရခြင်းရဲ့ အားသာချက်များကို ပြောကြားခဲ့ပြီး ဒေသခံများကိုလည်းအကျိုးအမြတ်ခံစားခွင့်များရရှိမည့်အရေးကို အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

စီမံကိန်း ပြန်လည်စတင်ရေးအတွက် ဒေသခံပြည်သူများနဲ့ တွေ့ဆုံမှုကို နေရာအများအပြားမှာအကြိမ်ရေများစွာ ပြုလုပ်ခဲ့တာဟာ အကြိမ်ရေ (၂၀ ) ကျော်အထိရှိနေပြီဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံတွေဘက်ကတော့ အမြင်အမျိုးမျိုးရှိနေပြီး ကန့်ကွက်မှူမပြုလုပ်နိုင်ကြောင်း ဆိုကြပါတယ်။ 

စီမံကိန်းပြုလုပ်မဲ့နေရာဟာ မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် (၂၃) မိုင်ခန့်အကွာ မှာတည်ရှိပြီး လူမှုဘဝအပေါ် သက်ရောက်မှုများရှိလာမည်ကိုစိုးရိမ်ကာဒေသခံများက ကန့်ကွက်ခဲ့တာကြောင့် ၂၀၁၁ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ရတာလည်းဖြစ်ပါတယ်။

ဧရာဝတီမြစ်စတင်ရာ မေခနှင့် မလိခ တို့ပေါင်းဆုံရာနေရာက အဲ့ဒီမြစ်လက်တက် (၂) ခုပေါ်မှာ ရေကာတာဆည် (၇) ခုနဲ့ တည်ဆောက်မှာဖြစ်တယ်လို့သိရပါတယ်။

၎င်းဆည် စီမံကိန်းခွဲ ၇ ခုလုံး ပြီးစီးပါက စုစုပေါင်း မဂ္ဂါဝပ် နှစ်ထောင် နီးပါးကို ထုတ်လုပ်နိုင်ရန် ရည်မှန်းထားတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ဆုံစီမံကိန်းအတွင်းပါဝင်တဲ့အဖွဲ့အစည်းများမှာ တရုတ်နိုင်ငံလျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (CPI / SPIC)၊ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့  အေးရှားဝေါ ကုမ္ပဏီ (Asia World) များနဲ့ အကျိုးတူပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

စီမံကိန်းတစ်ခုလုံး တည်ဆောက်ပြီးစီးအကောင်အထည်ဖော်လျှင် ရင်းနှီးမြှုပ်နှံတဲ့ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ (၃ ဒသမ ၆) ဘီလျံ ကုန်ကျမှာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *