နှစ်ဝက်အတွင်း စစ်တပ်က မြို့ (၂၂ )မြို့ကို ပြန်လည်သိမ်းယူခဲ့

သြဂုတ်(၇)၊ ISP Myanmar 

တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ မြို့တွေထဲက (၂၂)မြို့ကို အခု(၂၀၂၆)ခုနှစ် နှစ်ဝက်အတွင်းမှာ စစ်တပ်က ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ့(ISP Myanmar) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

သြဂုတ်လ(၃)ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ စစ်တပ်က (၂၀၂၁)ခုနှစ်ကနေစပြီး သူတို့ဆုံးရှုံးခဲ့တဲ့ နယ်မြေတွေရဲ့ (၈)ရာခိုင်နှုန်းကျော်၊ (၉)ရာခိုင်နှုန်းနီးပါးကို အခုနှစ်(၆)လအတွင်းမှာ  ပြန်ရယူနိုင်ခဲ့ကြောင်း ဆိုထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်ဖွဲ့(MNDAA က သိမ်းခဲ့တဲ့  လားရှိူးမြို့၊ တအာင်း/ပလောင်တပ်ဖွဲ့TNLA သိမ်းပိုက်ခဲ့တဲ့ မိုးမိတ်မြို့နဲ့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့ စတဲ့(၃)မြို့ကိုတော့ တရုတ်နိုင်ငံရဲ့ကြားဝင်ညှိနှိုင်းမှုကြောင့် စစ်တပ်ကိုပြန်ပေးခဲ့ရပါတယ်။

ဒီ(၃)မြို့ကို ၂၀၂၄ ခုနှစ်မှာ PDF တပ်ဖွဲ့များနဲ့ပူးပေါင်းပြီး သိမ်းယူနိုင်ခဲ့တာဖြစ်သလို (၁)နှစ်ကျော်သာထိန်းချုပ်နိုင်ခဲ့ကြပြီး ၂၀၂၅ ခုနှစ်ကုန်ပိုင်းမှာ စစ်တပ်ကပြန်လည်ရရှိခဲ့တာပါ။

ကျန်တဲ့ (၁၉)မြို့ကိုတော့ စစ်ကော်မရှင်တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

စစ်တပ်ဘက်ကနေ အများဆုံးပြန်တိုက်ယူနိုင်ခဲ့တဲ့ထဲ မန္တလေးတိုင်းက မြို့တွေနဲ့ ချင်းပြည်နယ်ကမြို့တွေပါဝင်ပါတယ်။ 

ပြီးခဲ့တဲ့ ၆ လအတွင်းက စစ်တပ်က မန္တလေးတိုင်းက  မတ္တရာ၊ စဉ့်ကူး၊သပိတ်ကျင်း၊ တကောင်းမြို့တွေနဲ့ စစ်ကိုင်းတိုင်းထဲက ဗန်းမောက်၊ ထီးချိုင့်၊အင်းတော်၊ မော်လူးမြို့ တို့ပါဝင်တာလည်းဖြစ်ပါတယ်။ 

(၂၀၂၁)ခုနှစ်ကနေ  (၂၀၂၄ ) ခုနှစ်အထိ တော်လှန်ရေးတပ်ဖွဲ့များက  မြို့ပေါင်း(၁၀၁)မြို့ကို သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး အခု(၂၂)မြို့ကို လက်လွှတ်ထားရပြီးဖြစ်သလို ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာသာ အများဆုံးထိန်းချုပ်နိုင်တော့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၅)ခုနှစ်ကနေစပြီး တော်လှန်ရေးတပ်ဖွဲ့တွေဟာ   သိမ်းပိုက်ထားတဲ့မြို့တွေမှာ ခံစစ်တိုက်ခိုက်မှုတွေသာပြောင်းလဲခဲ့ရပြီး နယ်မြေအသစ်သိမ်းယူနိုင်ခြင်းတွေမရှိတော့သလို စစ်ကော်မရှင်ဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပြင်းထန်တဲ့ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *