
ဩဂုတ် ၇ ၊ စစ်ကိုင်း
“ပြည်သူ့ခုခံတွန်းလှန်စစ်” ကနေ “မဟာဗျူဟာထိုးစစ်” ကို တက်လှမ်းတော့မယ်လို့ PDF တပ်မှူးကြီးများ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ကြောင်း ဒီနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
(၄ ) ရက်တာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတွေအပြီးမှာ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) မှာ မဟာဗျူဟာကျကျ ပါဝင်ဆောင်ရွက်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
စစ်ဒေသအသီးသီး က မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီးတော့ “မဟာဗျူဟာထိုးစစ်”ကို ဦးတည်ဆောင်ရွက်ဖို့အတွက် လုပ်ငန်းစဉ်တွေချမှတ်ခဲ့ကြတယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၆ လအတွင်းမှာလည်း NUG ရဲ့ PDF တပ်ဖွဲ့တွေသိမ်းပိုက်ခဲ့တဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းထဲက မြို့တွေကို စစ်တပ်က သိမ်းပိုက်ခဲ့ပြီး စုစုပေါင်း မြို့ (၂၀) ကျော်အထိရှိတယ်လို့ ISP Myanmar ရဲ့ စာတမ်းတစ်ခုက ဖော်ပြထားပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ NUG က ကြေညာခဲ့တာဖြစ်ပြီးတော့ PDF တပ်တွေရဲ့ တိုက်ပွဲတွေစတင်ခဲ့တာလည်းဖြစ်ပါတယ်။
အစည်းအဝေးပွဲမှာ တိုင်းစစ်ဌာန (၁၀)ခု၊ တပ်မ (၁) ခု နဲ့ စစ်ရုံးချုပ် စစ်ဆင်ရေး၊ စစ်ရေး၊စစ်ထောက်လှမ်းရေး၊ ပြည်သူ့လုံခြုံရေးဌာန၊ စစ်ဆင်ရေးရုံးများ၊ စစ်ဥပဒေရုံး နဲ့ ပကဖ စစ်ဘက်ရေးရအရာရှိချုပ်ရုံးတွေက စာတမ်းတွေတင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒီအစည်းအဝေးပွဲကို NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ပြည်သူ့လုံခြုံရေး၊ကာကွယ်ရေးကောင်စီ (လုံ/ကာ) အဖွဲ့တို့လည်း တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
