
သြဂုတ်(၆) ၊ မိုးညှင်း
သြဂုတ်လပထမအပတ်အတွင်းမှာ မိုးသည်းထန်ရွာသွန်းမှုကနေ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေတဲ့ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ အဆောက်အဦးနဲ့ လမ်းပိုင်းပျက်စီးမှုတွေလည်း များပြားနေကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ နမ့်တောမြို့မှာ (၁၀)စုနှစ်တစ်ခုအတွင်း အကြီးမားဆုံး တစ်မြို့လုံးရေနစ်မြှုပ်ပြီး ရေတိုက်စားမှုတွေကြောင့် သြဂုတ်လ(၄)ရက်နေ့က ဘုန်းကြီးကျောင်းတံတိုင်း ၊လမ်းပိုင်း နဲ့ နေအိမ်တချို့ ထိခိုက်ပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်ကမ်းအနီးက ကျေးရွာတွေမှာလည်း နေအိမ်တချို့ရေထဲမျှောပါမှုတွေဖြစ်ပွားခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်နေသူတွေက ဆိုပါတယ်။
ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းဒေသရှိ ကျေးရွာတွေမှာလည်း မနေ့က (၅)ရက်နေ့က နမ့်ကျဉ်ကျေးရွာတံတားနဲ့ နားနမ့်ထွန်ကျေးရွာတံတား တို့ပျက်စီးကျိုးကျခဲ့ပါတယ်။
ကချင်ပြည်နယ်အတွင်းမှာတော့ မိုးကောင်းမြို့၊အရှေ့တောင်ရိုးရှိ အာယုဒီဃတောင် ကမ္ဘာ့ငြိမ်းချမ်းရေး ပြည်လုံးအေးစေတီတော်မှာ သြဂုတ်(၄)ရက်နေ့မှာပဲ မိုးရွာသွန်းပြီး တောင်ပြိုမှုဖြစ်ပွားခဲ့ကာ အုတ်တံတိုင်း(၃)ခန်း ပြိုကျခဲ့ကြောင်း အနီးနေထိုင်သူများရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် မန္တလေး -ရွှေဘို-မြစ်ကြီးနား ကွင်းလမ်းတွေမှာလည်း လမ်းပိုင်းနဲ့ တံတားများ ပျက်စီးနေတာကြောင့် လမ်းပိုင်းကိုရက်အကန့်အသတ်မရှိ ပိတ်ပင်ထားတယ်လို့ အင်းတော်မြိုနယ် ပ.အ.ဖ အဖွဲ့က ပြောထားပါတယ်။
စစ်ကိုင်းတိုင်းထဲက မူးမြစ်ရေတက်လာတာကြောင့် ကောလင်း၊ဝန်းသို ဒေသတွေမှာလည်း ရေကြီးရေလျှံမှုစတင်ဖြစ်ပေါ်လာပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေရပြီလို့ ဒေသကာကွယ်ရေးတပ်တွေကဆိုကြပါတယ်။
ဒီနေ့ သြဂုတ်(၆)ရက်နေ့မှာတော့ နေရာအတော်များများက မိုးရွာသွန်းမှုလျော့ကျသွားပြီး မြစ်ရေ၊ချောင်းရေမြင့်တက်မှုတွေလည်း ရပ်တန့်နေကြောင်း သိရပါတယ်။
မိုးလေဝသနဲ့ ဇလဗေသရဲ့ ဒီနေ့နောက်ဆုံးထုတ်ပြန်ချက်မှာ ကချင်ပြည်နယ်အတွင်း ဒေသအများအပြားမှာ မိုးဆက်လက်ရွာသွန်းနိုင်ချေရှိပြီး အချို့နေရာတွေမှာ မိုးကြီးနိုင်တယ်လို့ ပြောထားပါတယ်။
နိုင်ငံတစ်ဝန်းမှာ အခုရက်ပိုင်းအတွင်း မိုးကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာဖြစ်ပြီး သေဆုံးသူ (၃)ဦးခန့် ရှိနေတာကို သတင်းတွေအရ သိရပါတယ်။
