
သြဂုတ်(၆)၊ ဘန်ကောက်
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ သမ္မတ ဦးမင်းအောင်လှိုင်ဟာ ဒီနေ့သြဂုတ်(၆)ရက်နေ့မှာ ထိုင်းအစိုးရနဲ့ သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ(၄)ခု ရေးထိုးခဲ့တယ်လို့ ထိုင်းသတင်းဌာနဘက်က ထုတ်ပြန်မှုအရ သိရပါတယ်။
အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်မှုျ၊ နှစ်နိုင်ငံမျှဝေသုံးစွဲနေတဲ့ မြစ်ရေညစ်ညမ်းမှုကို စောင့်ကြည့်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပြုလုပ်ဖို့နဲ့ နည်းပညာကဏ္ဍပူးပေါင်းဆောင်ရွက်ရေးတို့ကို နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
နောက်ထပ် ထိုင်း-မြန်မာ နယ်စပ်က အွန်လိုင်းလိမ်လည်မှု(ကျားဖြန်)လုပ်ငန်း၊ မူးယစ်ဆေးဝါးသယ်ယူမှုနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်ရေး ကိစ္စရပ်တွေကိုလည်း ပူးပေါင်းလုပ်ဆောင်တိုက်ဖျက်ဖို့ သဘောတူခဲ့ကြကြောင်း သိရပါတယ်။
နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုဟာ ဒီနေ့ သြဂုတ်(၆)ရက်နေ့ နဲ့ မနက်ဖြန်(၇)ရက်နေ့အထိ (၂)ရက်တာ ဆွေးနွေးသွားမှာလည်း ဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ကူရာဝီလ်က ဦးမင်းအောင်လှိုင် ကို အစိုးရအိမ်တော်မှာလက်ခံတွေ့ဆုံခဲ့ပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံဆွေးနွေးမှုတွေကို ပြုလုပ်နေတာလို့ သိရပါတယ်။
ထိုင်းနိုင်ငံက သံတမန်ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် တံတားအဖြစ် ရပ်တည်နေမယ်လို့ ပြီးခဲ့တဲ့ ဇွန်လမှာ ပြောဆိုထားပါတယ်။
ထိုင်းနိုင်ငံကို ချစ်ကြည်ရေးရောက်ရှိနေတဲ့ သမ္မတဦးမင်းအောင်လှိုင်ရဲ့ခရီးစဉ်အပေါ် ထိုင်းအရပ်ဘက်အဖွဲ့ (၁၆) ဖွဲ့က ကန့်ကွက်ကြောင်းစာတစ်စောင်ကို ဒီနေ့ ဩဂုတ်လ (၆) ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားကြပါတယ်။
