မိုးသည်းထန်ပြီးရေကြီးရေလျှံမှုတွေကြောင့်ဗန်းမောက်မှာတံတားနှစ်စီးပျက်စီး

ဩဂုတ် ၆ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၅ ရက်နေ့မှာ တံတားနှစ်စင်းပျက်စီးခဲ့တယ်ို့ သိရပါတယ်။ 

ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းရှိ နမ့်ကျင်ချောင်းကို ဖြတ်သန်းဆောက်လုပ်ထားတဲ့  နမ့်ကျဥ်တံတား နှင့် နားနမ့်ထွန်တံတားတွေ  ပျက်စီးခဲ့တာလို့ ဆိုပါတယ်။ 

“ တံတားတွေပျက်သွားလို့ရွာသားတွေအခက်အခဲဖြစ်သွားပြီ။ တစ်ဖက်မှာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း။ငါတို့ရွာကတော့ အခက်အခဲကိုဖြစ်သွားပြီ။ တံတားမရှိခင်ကတော့ ကူးတို့လှေလေးနဲ့ ဟိုဘက်ဒီကူးသွားကူးလာ” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။ 

တံတားရေထဲမျှောပါပျက်စီးသွားတာကြောင့်  ကျောင်းသား/သူတွေအတွက် သွားလာရေးအခက်အခဲဖြစ်သွားတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ နားနမ့်ထွန် တံတားဟာ ဖြတ်သန်းသွားလာလို့မရတော့ဘဲ ဒီနေ့မှာ ပြုပြင်မှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့သိရပါတယ်။ 

နမ့်ကျင် တံတားနဲ့ နားနမ့်ထွန် တံတားကို ဒေသအတွင်းက ဒေသခံတွေနဲ့ ရှမ်းနီအမျိုးသားတပ်မ တော် SNA  တပ်မဟာ ၆၁၄ က  ပြန်လည်ပြီးပြင်ဆင်သွားမယ်လို့သိရပါတယ်။ 

ဒီတံတားတွေဟာ ဒေသခံတွေရဲ့ ကိုယ်ထူကိုယ်ထနဲ့ပြုလုပ်ခဲ့တဲ့ တံတားဖြစ်ပြီး SNA ကနောက်ပိုင်းမှာ ပြန်လည်ပြင်ဆင်ပေးခဲ့တာလည်းဖြစ်ပါတယ်။ 

နားနမ့်ထွန်တံတားဟာ ၂၀၂၅ ခုနှစ်လည်း ရေးကြီးရေလျှံမှုဖြစ်ပွားခဲ့တာကြောင့် တံတားပျက်စီးခဲ့ပြီး SNA  တပ်မဟာ ၆၁၄ က ပြန်လည်ပြင်ဆင်ပေးခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာ ဒီရက်ပိုင်း မိုးသည်းထန်နေပြီး  ဟုမ္မလင်း၊ခန္တီး နဲ့ ဗန်းမောက်မြို့နယ်အတွင်းက မြစ်ချောင်းတွေဟာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *