
သြဂုတ်(၁၀)၊ စစ်ကိုင်း
ရေကြီးရေလျှံပြီး ရေဘေးသင့်နေတာ ရက်သတ္တပတ်ကြာမြင့်လာတဲ့ စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတွေကို ကူညီဖို့အတွက် NUG ကဦးဆောင်ပြီး အရေးပါ်တုံ့ပြန်ဆောင်ရွက်ရေးပူးပေါင်းကော်မတီ(JERC)ကို ဖွဲ့စည်းထားပြီလို့ သိရပါတယ်။
စစ်ကိုင်းတိုင်းက တန့်ဆည်၊ကန့်ဘလူ၊ကျွန်းလှ၊ အရာတော်၊ခင်ဦး၊ရေဦး၊ရွှေဘို၊ဝက်လက်၊မြင်းမူ၊ဒီပဲယင်း စတဲ့(၁၀)မြို့နယ်မှာ လူဦးရေနှစ်သိန်းကျော်ရေဘေးသင့်နေတာလည်း ဖြစ်ပါတယ်။
(၁၀)မြို့နယ်ထဲမှာ သေဆုံးသူ(၁၅)ဦးနဲ့ ပျောက်ဆုံးနေသူ(၂)ဦး ရှိထားပြီး အဓိကအားဖြင့် ဒီပဲယင်းမှာ သေဆုံးသူ(၇)ဦး၊ ကောလင်းမှာ (၃)ဦး၊ခင်ဦးမှာ (၁)ဦးနဲ့ ကျန်ဒေသတွေမှာလည်း သေဆုံးသူတွေရှိထားပြီး ဒီသုံးမြို့နယ်ကတော့ အဆိုးဝါးဆုံးရေနစ်မြှုပ်နေကြောင်း NUG ရဲ့ စာရင်းတွေက ဆိုထားပါတယ်။
ဒီရေဘေးသင့်ဒေသတွေကို မရှိမဖြစ်လိုအပ်နေတဲ့ အခြေခံစားသောက်ကုန်၊ဆေးဝါး၊သောက်သုံးရေနဲ့ အသက်ကယ်ပစ္စည်းတွေကို ထောက်ပံ့ပေးသွားမှာလည်း ဖြစ်ပါတယ်။
ဒီကော်မတီက အရေးပေါ်ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ထိခိုက်ဆုံးရူံးမှုနဲ့လိုအပ်မှုတွေကို စိစစ်ပြီးကူညီဖို့၊ အကူအညီတွေအားလုံး မြို့နယ်တစ်ခုတည်းမှာ စုပြုံကူညီတာမျိုးမဖြစ်စေဖို့နဲ့ ပြန်လည်ထူထောင်ရေးတွေကို ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းက အခုရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ဒေသအများစုကို တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတာဖြစ်ပါတယ်။
“အထက်ပိုင်းမှာ ရေကြီးပြီးရင် ရေတွေကအောက်ပိုင်းကို ကျသွားလို့ကတော့ တော်တော်လေးမြှုပ်နိုင်တယ် ကြောက်စရာကြီး ရေတွေကအောက်ပိုင်းကိုရောက် တစ်နိုင်ငံလုံးရေဘေးဒုက္ခသည်ဖြစ်လာမှာ ရေတွေက အောက်ဘက်ကိုရောက်ကိုရောက်မှာပဲ အောက်မြန်မာပြည်ဘက်မှာလည်း မိုးတွေပြန်ရွာရင် အညာမှာသေချာပေါက်ရေဘေးကြုံပြီ ” လို့ မြန်မာနိုင်ငံအထက်ပိုင်းမှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့စဉ်က ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
စစ်ကိုင်းတိုင်းအပြင် အခုရက်ပိုင်းတွေအတွင်း မန္တလေးတိုင်းမှာ (၁)သိန်းကျော်၊ ၊ဧရာဝတီတိုင်းမှာ (၄)သောင်းကျော်နဲ့ မကွေးတိုင်းမှာ (၆၀၀)ခန့် ၊ မြို့နယ်(၁၅)မြို့နယ်မှာ လူဦးရေ (၄)သိန်းကျော် ရေဘေးသင့်နေကြောင်း မနေ့က(၉)ရက်နေ့မှာ NUG ထုတ်ပြန်ထားပါတယ်။
သြဂုတ်(၈)ရက်နေ့က JERC ကို ဖွဲ့စည်းလိုက်တာဖြစ်ပြီး (NUG)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအပြင် လူသားချင်းစာနာထောက်ရေးဝန်ကြီးဌာန NUG – MoSLHA နဲ့ အရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန SFUIG -MoHAREM တို့ပါဝင်ထားကြောင်း ထုတ်ပြန်ထားပါတယ်။
