
ဩဂုတ် (၂၀) ၊ တောင်ကြီး
ရှမ်းပြည်နယ်အတွင်းမှာ စစ်ပြေး ၊ ရဲပြေး ၊ ဝရမ်းပြေး ၊ ရဲဘက်ပြေး စတဲ့ ပြေးလေးပြေးတွေကို စစ်ဆေးရေးဂိတ်တွေမှာ ပြီးခဲ့တဲ့နှစ်က ဖမ်းဆီးခံရသူ (၇၅၀) ကျော်ရှိတယ်လို့ သိရပါတယ်။
“ ရှမ်းပြည်နယ်အတွင်းက ပူးပေါင်းစစ်ဆေးရေးဂိတ်များ ၊လေဆိပ်နဲ့ လေဆိပ်စစ်ဆေးရေးဂိတ်တွေမှာ ၂၀၂၅ ခုနှစ်အတွင်း ပြေးလေးပြေးနဲ့ စစ်ပြေး (၂၁၁) ဦး၊ရဲပြေး (၁၇၀)ဦး တရားခံပြေး( ၃၉၇) ဦး စုစုပေါင်း (၇၈၂) ဦးဖမ်းဆီးရမိခဲ့တယ်” လို့ ရှမ်းပြည်နယ် နယ်လုံဝန်ကြီးက ပြောပါတယ်။
ရှမ်းပြည်နယ်အတွင်းဝင်ထွက်သွားလာသူတွေကို PSMS စနစ် နဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား မှတ်ပုံတင်တွေကို စစ်ဆေးနေတယ််လို့ သူကဆိုပါတယ်။
ရှမ်းပြည်နယ်မှာ ပြီးခဲ့တဲ့ (၂၀၂၅) ခုနှစ်ကစလို့ PSMS စနစ်ကို အသုံးပြုပြီး ပြေးလေးပြေးအမှုတွေကို ဖမ်းဆီးဖို့အတွက် အုပ်ချုပ်ရေးဌာနက ညွှန်ကြားစာထုတ်ခဲ့တာပါ။
People Surveillance and Management System – PSMS စနစ်ကို အသုံးပြုပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းနဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ် ၊ နယ်ခြားဂိတ်တွေမှာ စစ်ဆေးနေတာလည်းဖြစ်ပါတယ်။
(၂၀၂၆) ခုနှစ်အတွင်းမှာတော့ PSMS စနစ်ထဲ မျက်နှာတွေကို Scan ဖတ်တဲ့စနစ်အထိ အဆင့်မြင့်တင်ထားပြီး ခရီးသည်တွေနဲ့ ယာဉ်မောင်းတွေအားလုံးက စစ်ဆေးရေးဂိတ်မှာ ဆောင်ရွက်နေရတာဖြစ်ပါတယ်။
ပူးပေါင်းစစ်ဆေးရေးဂိတ်တွေထားရှိရတာဟာ မူးယစ်ဆေးဝါးချက်လုပ်ဖို့ ဓာတုပစ္စည်းတွေသယ်ဆောင်မှုတားဆီးရေး၊ တရားမဝင်ကုန်ပစ္စည်းများ၊ ပြည်ပနိုင်ငံကို တရားမဝင် အလုပ်သွားရောက်လုပ်ကိုင်မယ့်သူတွေကို တားဆီးရေးတွေဆောင်ရွက်တာဖြစ်တယ်လို့ သူ့ရဲ့ပြောဆိုချက်အရ သိရပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ် တောင်ပိုင်းဒေသတွေမှာ Xray စက်တွေကို ထပ်မံတပ်ဆင်နေပြီး ပင်လောင်း ၊ ရွာငံမြို့နယ်တွေမှာရှိထားသလို လက်နက်၊ မူးယစ်ဆေးဝါး ၊ တရားမဝင်ကုန်စည်တွေ နဲ့ လူကုန်ကူးမှုတားဆီးရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
