
ဩဂုတ် (၂၀)၊ ဘန်ကောက်
လက်နက်မှောင်ခိုရောင်းဝယ်မှုတွေ ပပျောက်ရေးအပါအဝင် နယ်စပ်ဒေသ တရားမဝင်ကုန်သွယ်မှုနဲ့ အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)တိုက်ဖျက်ရေးအတွက် မြန်မာတပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ထိုင်းတော်ဝင်တပ်ကို ဒီနေ့မှာ ပြောဆိုခဲ့ပါတယ်။
ထိုင်းဘုရင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ukris Boontanondha နဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာပြုလုပ်တဲ့ ထိုင်း-မြန်မာ (၉)ကြိမ်မြောက် အဆင့်မြင့်ကော်မတီ (High Level Committee) အစည်းအဝေးပွဲပြုလုပ်နေတာပါ။
မြန်မာ-ထိုင်း နှစ်နိုင်ငံစစ်တပ်တို့အကြား (၉) ကြိမ်မြောက်အဆင့်မြင့်ကော်မတီ အစည်းအဝေး(HLC) ကို မနေ့က ဩဂုတ်(၁၉) ရက်မှစပြီး (၂၁)ရက်အထိ သုံးရက်ကြာကျင်းပသွားမှာဖြစ်ပါတယ်။
နယ်စပ်ဒေသတွေမှာ ငြိမ်းချမ်းရေး ရရှိစေရန်နဲ့ နယ်စပ်ကုန်သွယ်မှု မြှင့်တင်နိုင်ရန်အတွက် နှစ်နိုင်ငံအစိုးရများ၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ မြန်မာဘက်က သတင်းထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံမှုမတိုင်ခင် ထိုင်းနိုင်ငံကိုရောက်ရှိခဲ့တဲ့ ဦးမင်းအောင်လှိုင်ကလည်း ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဝီရာကွန်နဲ့ နှစ်နိုင်ငံနယ်စပ်ဒေသငြိမ်းချမ်းရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ပူးပေါင်းနှိမ်နင်းဖို့ ဆွေးနွေးခဲ့ကြတာပဲဖြစ်ပါတယ်။
ထိုင်းနယ်စပ်ကနေ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်တွေဆီ တရားမဝင်တင်သွင်းနေတဲ့ လက်နက်ခဲယမ်းများနဲ့ စစ်သုံးပစ္စည်းများ ဝင်ရောက်နေတဲ့ လမ်းကြောင်းတွေကို ပြတ်တောက်တားဆီးရန် ပူးပေါင်းဆောင်ရွက်ဖို့ အဓိကထားဆွေးနွေးခဲ့ကြတာပါ။
ကာချုပ်ရဲဝင်းဦးက တရားမဝင် အွန်လိုင်းငွေလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေကိုလည်း နှိမ်နင်းဖို့ သဘောတူခဲ့တယ်လို့သိရပါတယ်။
ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ပူးပေါင်းပေးဖို့အသင့်ရှိကြောင်း ပြောဆိုခဲ့တယ်လို့သိရပါတယ်။
ထိုင်း-မြန်မာ သံတမန်ဆက်ဆံရေးဟာ (၇၈) နှစ်မြောက်ရှိနေပြီဖြစ်ပြီး နယ်စပ်တိုက်ပွဲများကြောင့် ရပ်တန့်နေတဲ့ ကုန်သွယ်ရေးနဲ့သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို နယ်စပ်ဂိတ်တွေဖွင့်လှစ်ပြီး ပြန်လည်စတင်နိုင်ရေးကိုလည်းဆွေးနွေးခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲက မြန်မာနိုင်ငံနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမှု အများဆုံးတစ်နိုင်ငံဖြစ်ပြီး အခုနှစ် (၂၀၂၆) ခုနှစ်အတွင်းမှာတော့ နိုင်ငံရေး၊ စီးပွားရေး၊ နယ်စပ်လုံခြုံရေးနဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတွေကို ပိုမိုတိုးမြှင့်လာတာတွေ့ရပါတယ်။
