မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပေါ်က အင်းတော်မြို့နယ်တွင်း လမ်းပိုင်းအားလုံးပိတ်ထား 

အင်းတော်ကွင်းလမ်း၊ လမ်းပြမြေပုံ

ဩဂုတ် (၂၁)၊ အင်းတော်

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပေါ်က အင်းတော်မြို့နယ်အတွင်းရှိ ဗျူဟာလမ်းပိုင်းတွေနဲ့ ကွင်းလမ်းတွေအားလုံး ပိတ်ထားတာကြောင့်  ကုန်တင်ကား၊ခရီးသွားကားတွေအားလုံးနီးပါးလည်း ပိတ်မိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

မြစ်ကြီးနား- မန္တလေးလမ်းပိုင်းဖြစ်တဲ့ အင်းတော်နဲ့မော်လူးကြားမှာ မိုးများပြီးရေကြီးရေလျှံမှုနောက်ပိုင်း လမ်းပိုင်းအားလုံးပျက်စီးမှုများရှိနေပြီး အကြီးစားပြုပြင်ရေးတွေလုပ်ဆောင်နေတာကြောင့် လမ်းတွေပိတ်ထားတာလို့  အင်းတော်မြို့ လမ်းပြုပြင်ထိန်းသိမ်းရေးကော်မတီ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဩဂုတ် (၁၉)ရက်မှာ စာထုတ်လာပါတယ်။

လမ်းပိုင်းတွေအားလုံးအကန့်အသတ်မရှိ ပိတ်ပင်ထားမှာဖြစ်ပြီး ခရီးသွားယာဉ် ကားသေး၊ကားကြီးများ၊ ကုန်တင်ကားများအနေနဲ့ မဲဇာမှတစ်ဆင့် မော်တိတ်၊ မြသီတာ၊ခေါင်းကိုက်၊ ပန်းတော၊ မံထုံ၊ ညောင်ပင်ဆိပ် စတဲ့ ကျေးရွာများရှိကွင်းလမ်းတွေကနေ သွားလာကြဖို့ စာထဲဖော်ပြထားပါတယ်။

ဒီခရီီးလမ်းဟာ ကျေးရွာချင်းဆက်လမ်းအပြင် အင်းတော်မြို့နယ်ထဲကနေ ဗန်းမောက်မြို့နယ်ဘက်ကိုပြန်သွားရသလို တောင်တက်လမ်းနဲ့ လမ်းပိုင်းဆိုးဆိုးရွားရွားပျက်စီးနေတဲ့လမ်းတွေဖြစ်တယ်လို့ သိရပါတယ်။ 

ခရီးအကွာအဝေးအားဖြင့်လည်း ဗျူဟာလမ်းပိုင်းပေါ်က နန့်သဲဲရွာမှ  ကချင်ပြည်နယ် နန့်စီးအောင်ကျေးရွာအထိ ၅၀ ကီလိုမီတာကျော်သာရှိပေမယ့် နန့်သဲ၊မဲဇာမှ အသစ်သတ်မှတ်ပေးလိုက်တဲ့ ကွင်းလမ်းဟာ ကီလိုမီတာ ၁၀၀ ကျော်ရှိပြီး ကျေးရွာချင်းဆက်မြေသားလမ်းတွေအဓိကဖြစ်ပါတယ်။ 

ကွင်းလမ်းတွေမှာလည်း အားလုံးပျက်စီးမှုတွေရှိနေတာကြောင့် ပြည်ထောင်စုလမ်းမကြီးကို အမြန်ဆုံးဖွင့်ပေးဖို့ကို  ရွာသာရွာနဲ့ မင်းကုန်းထိပ်မှာပိတ်မိနေတဲ့ ကားသမားများနဲ့ခရီးသည်များက ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။

ကွင်းလမ်းတွေကို စိုးမိုးထားတဲ့ တော်လှန်ရေးတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက  မန္တလေး-မြစ်ကြီးနားအဆင်းအတက်ယာဉ်များအားလုံးကို အခုလိုပိတ်ဆို့ထားတာကြောင့်  ကားသမားများနဲ့ ခရီးသည်များ ဒုက္ခရောက်နေရတာလည်းဖြစ်တယ်လို့ဆိုထားပါတယ်။

လမ်းပိုင်းပျက်စီးမှုတွေကြောင့် ရာနဲ့ချီတဲ့ ကုန်ကားတွေဟာ ရက်ရှည်ပိတ်ဆို့ခံနေရပြီး မြစ်ကြီးနားမြို့မှာ ကုန်စ္စည်းပြတ်လပ်မှုများဖြစ်ပေါ်လာသလို ဈေးနှုန်းကြီးမြင့်တာတွေနဲ့ ကြုံနေရတာဟာ တစ်လ ဝန်းကျင်ကြာမြင့်နေပြီလို့သိရပါတယ်။

ဒါ့အပြင် မန္တလေးကနေ တင်သွင်းတဲ့ အသား၊ငါးများမလတ်ဆတ်မှုတွေကြောင့်လည်း ဒေသခံတွေအကြား ကုန်စည်စီးဆင်းမှုအပေါ် ဝေဖန်မှုတွေရှိနေတာပါ။

တိုက်ပွဲများကြောင့် ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းခွင့်မရတော့တဲ့နောက်ပိုင်း ဒေသခံတွေဟာ ဒီကွင်းလမ်းတွေကို အဓိကအားထားအသုံးပြုသွားလာနေကြရတာလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် ဗျူဟာလမ်းပိုင်းမှာလည်း အင်းတော်မြို့နယ်  စီပိန်းကျေးရွာမှာ ပိတ်ထားဆဲဖြစ်ပြီး ထီးချိုင့်-ကသာလမ်းပိုင်းတွေဟာ  ဆက်လက်ပိတ်ထားတာကြောင့် လမ်းပိုင်းအားလုံးက ပိတ်နေဆဲအခြေအနေဖြစ်တယ်လို့ ယာဉ်မောင်းတွေဆီကနေသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *