တရုတ်ကုန်ပစ္စည်းတွေကို  စက်လှေနဲ့  မြစ်ကြီးနားကို သယ်ယူနေရ 

မြစ်ကြီးနား-ဝိုင်းမော် ဗလမင်းထင်တံတားကိုတွေ့ရစဉ်/ Credit

ဩဂုတ် (၂၁)၊ မြစ်ကြီးနား

တရုတ်နယ်စပ်ကန်ပိုင်တည်မြို့ကနေဝင်တဲ့ တရုတ်ကုန်ပစ္စည်းတွေဟာ ဗလမင်းထင်တံတားမှာ ဖြတ်သန်းခွင့်ပိတ်ပင်ထားမှုကြောင့် မြစ်ကြီးနားမြို့အတွက်  ဧရာဝတီမြစ်တစ်ဖက်ကမ်း ဝိုင်းမော်မြို့ကနေ သုံးဘီး၊စက်လှေတွေနဲ့ အသုံးပြုပြီး ကဲ့သယ်ယူနေကြရတယ်လို့ ဒေသခံများမှ သိရပါတယ်။

နယ်စပ်ကလာတဲ့ ကုန်တင်ယာဉ်တွေကို  ဝိုင်းမော်မြို့နယ်ဘက်မှာ အဝင်အထွက်ပိတ်ပင်ထားတာကြောင့် အခုလိုသယ်ယူနေကြရတာဖြစ်တယ်လို့သိရပါတယ်။

“ဟိုတလောကတော့ စက်လှေနဲ့ကဲ့တယ် ခုကတော့သုံးဘီးနဲ့ပေါ့  နည်းနည်းချင်းစီပေါ့လေနော့် အများကြီးတော့မဟုတ်ဘူး အောက်ဘော်ဒီအညီပေါ့အဲ့လောက်ပဲ ” လို့ ကုန်ကားသမားတစ်ဦးကအခုလိုပြောပြပါတယ်။

ဖြစ်စဉ်မှာ တရုတ်ဘက်ကနေ ကြက်ဥအတုတွေဝင်ရောက်တာတွေနဲ့ အသားအတု ပေါများလာမှုကြောင့်ဟုဆိုကာ အခြေခံစားသောက်ကုန်တင်ယာဉ်တွေကို ပိတ်ပင်ထားတာ တစ်လဝန်းကျင်ကြာမြင့်နေပြီဖြစ်တယ်လို့ ဒေသခံများကဆိုပါတယ်။

ဒါကြောင့် ဝိုင်းမော်မြို့က  ကူးတို့ဆိပ်နဲ့ ခတ်ချိုကျေးရွာကကူးတို့ဆိပ်များကိုအသုံးပြုပြီး ညပိုင်း( ၇) နာရီကနေ (၁၂)နာရီအထိ  မြစ်ကြီးနားဘက်ကမ်းကို ကဲ့ယူသယ်ကြရတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ တံတားကပြန်လည်ဖြတ်သန်းခွင့်ပြုပေမဲ့လည်း ကုန်ကားကြီးတွေကို  ဖြတ်သန်းခွင့်မပေးသေးတာကြောင့် ကုန်သည်တစ်ချို့က သုံးဘီးတွေကို အသုံးပြုပြီး တင်သွင်းနေကြရပါတယ်။

ဒီလိုသယ်ယူလို့ရနေတာတွေကြောင့် မြစ်ကြီးနားမှာအခြေခံစားသောက်ကုန်စျေးနှုန်း အဆမတန် မြင့်တက်နေပေမယ့် လိုသလောက်ဝယ်ယူလို့ရနေတယ်လို့  သိရပါတယ်။

ဒါပေမယ့် အသား၊ငါးတွေနဲ့ အချို့အစားအသောက်တွေမှာ မပုပ်မသိုးလွယ်တဲ့ ကြာရှည်ခံဆေးအသုံးပြုမှုများနေတယ်လို့ မြစ်ကြီးနားဒေသခံတွေ ပြောဆိုမှုရှိနေပါတယ်။

ကုန်စည်သယ်ဆောင်မှုအပေါ် လည်း လက်နက်ကိုင်တပ်ဖွဲ့တွေက အခွန်အခတွေအဆမတန် ကောက်ခံတာတွေများပြားလာပြီး ကားတွေရပ်ထားတဲ့ ကွင်းတွေအထိပါ အခွန်ကောက်ဖမ်းဆီးတာတွေရှိလာမှုကြောင့် ကားသမားနဲ့ ကုန်သည်တွေ အခက်အခဲဖြစ်နေကြရတာပါ။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကလည်း ညပိုင်းအတွင်းဝင်လာတဲ့ ကုန်တင်ကား (၁၀)စီးကျော်ကို  ဗလမင်းထင်တံတားအနီးက မိုင်းနားကျေးရွာမှာ ဖမ်းဆီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *