
စက်တင်ဘာ (၁၆) ၊ နေပြည်တော်
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က သူ့ထိန်းချုပ်နယ်မြေအတွင်းမှာ ဖက်ဒရယ်စနစ်နဲ့အညီ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းတွေကိုဖော်ဆောင်နေကြောင်း ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီကို အသိပေးခဲ့တယ်လို့ သိရပါတယ်။
မနေ့က စက်တင်ဘာလ (၁၅) ရက်နေ့မှာ RCSS/SSA နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပွဲမိန့်ခွန်းအတွင်း ပြောဆိုခဲ့ပါတယ်။
RCSS/SSA အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စိုင်းငင်းက “ ထိန်းချုပ်နယ်မြေအတွင်းမှာ ပညာရေး၊ကျန်းမာရေး ၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုစီးပွား နဲ့ ဒေသဖွံ့ဖြိုးရေးတွေကို ဖက်ဒရယ်စနစ်နဲ့အညီ ဆောင်ရွက်ပေးနေတယ်”လို့ ဆိုပါတယ်။
ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်း အပါအဝင် ပညာရေး၊ကျန်းမာရေး၊ဖွံ့ဖြိုးရေးကိစ္စရပ်တွေလည်း RCSS/SSA နဲ့ NSPNC တို့အကြား အပြန်အလှန် ဆွေးနွေးပြီး နားလည်မှုတွေရရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ ကာလအတွင်းမှာ စစ်တပ်အနေနဲ့ ယုံကြည်မှုတည်ဆောက်မှုဟာအရေးကြီးပြီး ဒီကာလမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဆောင်ရွက်စေလိုတယ်လို့ RCSS/SSA က စစ်တပ်ကို တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးမှုကာလမှာ စစ်ဘေး၊ သဘာဝဘေးအန္တရာယ်တွေကြောင့်အတိဒုက္ခကြုံနေသူတွေလည်း နေရပ်ပြန်လာရေး အစိီအစဉ်ကို ဆောင်ရွက်ပေးဖို့လိုတယ်လို့ ပြောပါတယ်။
မနေ့က တွေ့ဆုံဆွေးနွေးမှုတွေထဲမှာ နှစ်ဖက်ကြိုတင်ညှိနှိုင်းထားတဲ့အကြောင်းအရာတွေကို ဆွေးနွေးနိုင်ခဲ့ပြီး ယုံကြည်မှုတွေလည်းတိုးလာတယ်လို့ RCSS/SSA က ပြောပါတယ်။
NSPNC ဟာ မေလ မှ ဩဂုတ်လအထိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၁၃) ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးမှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
