
စက်တင်ဘာ (၂၃) ၊ UN
မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာနေသလို နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်မှုတွေဖြစ်ပေါ်နေပမယ့် ကမ္ဘာ့အာရုံစိုက်မှုကနေ ပျောက်ကွယ်သွားမယ့် အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်ဒိုနီရိုဂူတာရက်ရဲ့ မိန့်ခွန်းမှာထည့်သွင်းပြောခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ ၂၀၂၆ ခုနှစ် အထွေထွေညီလာခံ မိန့်ခွန်းထဲမှာ မြန်မာ၊အစ္စရေး၊ ယူကရိန်း ၊ ဆူဒန် စတဲ့ပဋိပက္ခဖြစ်ပွားနေတဲ့အရေးပြောဆိုချက်မှာ ထည့်သွင်းပြောခဲ့တာပါ။
“ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြားအကျပ်အတည်းတွေဟာ အကြမ်းဖက်မှုတွေ မြင့်တက်လာတာ၊ လူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုတွေ ပိုမိုကျယ်ပြန့်လာတာတွေကြောင့် ကမ္ဘာ့အာရုံစိုက်မှုကနေ တဖြည်းဖြည်း လွတ်ထွက်သွားနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်” လို့ သူကပြောပါတယ်။
မြန်မာဟာ ပြည်တွင်းပဋိပက္ခတွေအပြင် နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုတွေလည်း ကျယ်ပြန့်ဖြစ်ပွားလာတယ်လို့ သူကပြောပါတယ်။
ငြိမ်းချမ်းရေး၊ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိရေးကြိုးပမ်းအားထုတ်မှုများကို ဆက်လက်ကူညီ ပံ့ပိုးပေးဖို့ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
ကမ္ဘာတလွှားမှာဖြစ်နေတဲ့ အကြပ်အတည်းတွေနဲ့ ပဋိပက္ခတွေဟာ အာဏာနဲ့ အင်အားတွေကို ထိန်းချုပ်မှု မရှိဘဲ အသုံးချလာတဲ့အခါ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာကို ပြသနေတယ်လို့သူကပြောပါတယ်။
“ အရပ်သားပြည်သူတွေကို ခြွင်းချက်မရှိ ကာကွယ်ရပါမယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေမှာ ပါဝင်နေသူတွေကိုလည်း အချိန်မရွေး၊ အခြေအနေမရွေး ကာကွယ်ပေးရပါမယ်” လို့ သူ့မိန့်ခွန်းမှာထည့်သွင်းပြောဆိုထားပါတယ်။
မြန်မာပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၃ သန်းကျော်ရှိနေပြီး လူသားချင်းစာနာမှုအကူအညီတွေဟာ လျာထားဘတ်ဂျက်ရဲ့ ၅၀ ရာခိုင်နှုန်းဝန်းကျင်သာ ရရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ သိရပါတယ်။
