
စက်တင်ဘာ ၂၃၊ အင်းတော်
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်အတွင်း မြစ်ကြီးနား-မန္တလေး ဗျူဟာလမ်းမတစ်လျှောက်ကို စစ်တပ်က Y-12 ဖြင့် ဗုံး ၁၈ လုံးထက်မနည်းကြဲချခဲ့မှုကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ဆီဘောက်ဆာကားများ မီးလောင်ပေါက်ကွဲခဲ့တယ် လို့ဒေသခံများမှသိရပါတယ်။
ဒီနေ့ စက်တင်ဘာ ၂၃ ရက်နေ့ မနက်၁၁ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး ခရီးသည်တင်ကားတွေထိခိုက်မှုမရှိဘဲ စက်သုံးဆီတင်ဆောင်တဲ့ ဆီဘောက်ဆာကားများတာထိသွားတာ ဖြစ်တယ်လို့ဆိုထားပါတယ်။
အင်းတော်မြို့နယ်၊စက်တောကုန်းကျေးရွာဘက် ဆီခြံအနီးက ပွိုင့်စက်သုံးဆီဆိုင်အနီးမှာ ကြဲချမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂ ဦးနဲ့ သေဆုံးသူ ၃ ဦးရှိခဲ့တာပါ။
“ မဲဇာ သွားတဲ့မိန်းလမ်းကြီးပေါ်မှာကြဲသွားတာ သွားနေတဲ့ ဆီကားကိုပစ်ပြီးတော့ထိပြီးတော့ ဘေးကဆီကားတွေပါအကုန်ထိပြီးအဲ့လိုလောင်သွားတာ ဒီနားပတ်ချာလည်လမ်းမကြီးပေါ် အကုန်ချနေတာဟုတ်တယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စက်သုံးဆီဆိုင် အဆောက်အအုံတွေနဲ့ လမ်းမတစ်လျှောက်မှာလည်းထိခိုက် ပျက်စီးဆုံးရှုံးမှုတွေ အများအပြားဖြစ်ခဲ့တယ်လို့သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူအရေအတွက်ကိုတော့ ထပ်မံအတည်ပြုနေဆဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များလည်းပါဝင်တယ်လို့သိရပါတယ်။
အင်းတော်မြို့ကို စစ်တပ်က ဒီနှစ်စပိုင်းမှာ ပြန်လည်သိမ်းပိုက်ခဲ့ပေမယ့် ကျေးလက်ဒေသအကုန်နီးပါးကို ဒေသကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားဆဲလည်းဖြစ်ပါတယ်။
