ထီးချိုင့်-အင်းတော်လမ်းပိုင်းပြန်ဖွင့်နိုင်ဖို့ စစ်တပ်က  စစ်ကြောင်းထိုးနေ

 စက်တင်ဘာ (၂၄) ၊ထီးချိုင့် 

ထီးချိုင့်မြို့-အင်းတော်လမ်းပိုင်းကို ပြန်ဖွင့်နိုင်ဖို့အတွက် စစ်တပ်က အခုရက်ပိုင်းမှာ စစ်ကြောင်းထိုးနေကာ KIA+PDF ပူးပေါင်းတပ်နဲ့ စစ်တပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

အခုရက်ပိုင်းမှာ စစ်ကားအစီး (၃၀) ဝန်းကျင်နဲ့ စစ်ကူအင်အားတွေရောက်ရှိလာပြီး စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။ 

ထီးချိုင့်မြို့နယ် တည်တောကျေးရွာ၊ သခွပ်ချောင်ကျေးရွာတွေမှာ   စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲများဖြစ်ပွားနေတယ်လို့သိရပါတယ်။

” ရွာသူရွာသားတွေကတော့ ဘာမှမဖြစ်ဘူး။တည်တော၊သခွပ်ချောင်ဘက်မှာ ပေါက်ပေါက်လှော်သလိုပါ့ အသံတွေကကြားနေရတယ်” လို့ ထီးချိုင့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြပါတယ်။ 

တစ်ဆက်တည်းမှာပဲ ထီးချိုင့်မြို့နယ် ဒိုးပင်၊ မိချောင်းအိုက်ကျေးရွာတွေမှာလည်း  စစ်တပ် ဒရုန်းတွေနဲ့ ထောက်လှမ်းတာ ၊ တိုက်ခိုက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ 

“ ဒိုးပင်မိချောင်းအိုက်ဘက်ကိုကစစ်ကြောင်းမထိုးဘူး။ အနောက်ကုန်းမှာနေတဲ့စစ်တပ်ကလား တောင်ပေါ်မှာနေတဲ့တပ်ကလားမသိဘူးဒရုန်းနဲ့ချတာ” လို့ဒေသခံများကပြောပြပါတယ်။

စစ်ကြောင်းထိုးတဲ့နေရာတွေဟာ ထီးချိုင့်မြို့နဲ့ တစ်မိုင်အကွာက ကျေးရွာတွေဖြစ်ပြီး နေ့စဉ်နီးပါး လက်နက်ကြီးပစ်ခတ်မှုတွေရှိနေတာလို့ ဆိုပါတယ်။ 

စစ်တပ်က ဆက်လက်စစ်ကြောင်းထိုးနေတာကြောင့် တည်တောကျေးရွာနဲ့အနီးတဝိုက်ကကျေးရွာတွေဟာ  ဘေးလွှတ်ရာသို့ စစ်ဘေးရှောင်နေရမှုတွေလည်းရှိနေပါတယ်။ 

ထီးချိုင့်မြို့ကို (၂၀၂၆) ခုနှစ်အထဲမှာ အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်ပတ်ခဲ့သလို စစ်ရှောင်တချို့ကိုလည်း နေရပ်ပြန်နေထိုင်ခွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။ 

မြို့ပေါ်ကို ထိန်းချုပ်ပြီးတဲ့နောက်မှာ ထီးချိုင့်-ကသာလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ထီးချိုင့်-အင်းတော်လမ်းပိုင်းကိုတော့ KIA+PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားဆဲလည်းဖြစ်ပါတယ်။ 

အင်းတော်မြို့နယ်အတွင်းက ဗျူဟာလမ်းပိုင်းတွေပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီး မနေ့က စက်တင်ဘာလ (၂၃) ရက်နေ့မှာလည်း အရပ်သား (၅) ဦးအထိသေဆုံးခဲ့ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *