
စက်တင်ဘာ(၂၄)၊ မိုးညှင်း
မိုးညှင်းမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ(၁၉)ရက်နေ့ညက PDF တပ်ဖွဲ့ဝင် (၂၀) ဝန်းကျင်ကို KTV တစ်ခုမှာ စစ်တပ်က ဝင်ရောက်ဖမ်းမိခဲ့ပြီးတဲ့နောက် မြို့တွင်းမှာ လုံခြုံရေးတင်းကြပ်နေတယ်လို့ သိရပါတယ်။
“၁၉ ရက်နေ့ညက PDF တပ်သား အယောက်(၂၀)ကျော်ကို စစ်တပ်က ဖမ်းမိထားတယ်လေ၊ မြို့ထဲက KTV မှာ ဖမ်းမိတာလေ၊ စစ်ပြီးဖမ်းမိတာတဲ့ ၊ဖမ်းမိထားတဲ့ကလေးတွေရဲ့ ထွက်ဆိုချက်ကြောင့် ထပ်ဖမ်းမိတာတို့ဘာတို့လည်းရှိတယ် ဘယ်လောက်ရှိထားလဲမသိတော့ဘူး “လို့ မိုးညှင်းမြို့သားတစ်ဦးက အခုလိုပြောပြပါတယ်။
ဒီလိုဖမ်းဆီးမိပြီးနောက်ပိုင်း မနေ့ည စက်တင်ဘာ(၂၃)ရက်နေ့ညမှာ အမြောက်တပ်ကနေ KIA+PDF တပ်ဖွဲ့များရှိတဲ့ မိုးညှင်းမြို့ အရှေ့တောင်ဘက်ကို လက်နက်ကြီး(၅)ကြိမ်ခန့် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“ ထန်းတပင်ဘက်ကိုပစ်တယ်ပြောတယ် သတင်းတွေကထွက်နေတာလေ၊ ထန်းတပင်အရှေ့တောင်ဘက်မှာ တောဘက်က (KPDF) တွေ အများကြီးလာစုထားတယ်လို့ကြားတယ်၊ အဲကိုပစ်တာလားမသိဘူး၊တောဘက်ကအဖွဲ့တွေများများစုနေလို့တဲ့ မိုးညှင်းမြို့ပေါ်မှာလည်း လုံခြုံရေးတွေ တင်းကြပ်နေတယ် ” လို့ အနီးနေထိုင်သူတစ်ဦးက ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ PDF တပ်ဖွဲ့ဝင်တွေရဲ့အကြောင်းကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
အခုရက်ပိုင်းတွေမှာ ယခင်ကထက် လုံခြုံရေးတွေ ပိုမိုတင်းကြပ်လာပြီး ည(၇)နာရီဝန်းကျင်ကနေစကာ လမ်းပိုင်းသွားလာသူတွေကို အစစ်အဆေးပိုမိုပြုလုပ်လာနေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
မြို့တွင်းမှာ ရဲ၊ထွေအုပ် နဲ့စစ်သား တို့ပူးပေါင်းပြီး ညပိုင်းဧည့်စာရင်းစစ်ဆေးတာ၊ ကင်းလှည့်တာ တွေလည်း ခပ်စိပ်စိပ်ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ကလည်း KPDF များလှုပ်ရှားမှုရှိတဲ့ ကာဒူကျေးရွာဘက်ကို စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့မှုတွေ ရှိခဲ့ပါတယ်။
