နေပြည်တော်မှာ NSPNC နဲ့ ကိုးကန့်တပ် တွေ့ဆုံ၊ တရုတ်စီမံကိန်းနဲ့ ကုန်သွယ်ရေး ဆွေးနွေး

စက်တင်ဘာ ၂၅၊ နေပြည်တော်

အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ( NSPNC ) နဲ့ ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မြန်မာနိုင်ငံအမှန်တရားနဲ့ တရားမျှတသောအမျိုးသားပါတီ (MNTJP/ MNDAA) တို့ မနေ့က စက်တင်ဘာ (၂၄) ရက်နေ့u နေပြည်တော်မှာတွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

NSPNC နဲ့  MNDAA တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ လားရှိုးမြို့မှာ မကြာခဏပြုလုပ်ပေမယ့် နေပြည်တော်မှာတော့ အခုတစ်ကြိမ်က ပထမဆုံးလည်းဖြစ်ပါတယ်။ 

ဆွေးနွေးကြတဲ့အချက်တွေထဲမှာ  တရုတ်နယ်စပ်ကကုန်သွယ်ရေးဂိတ်များပြန်လည်ဖွင့်လှစ်ပြီး ကုန်သွယ်ရေးလုပ်ငန်းများနဲ့ တရုတ်စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ကိုလည်း  ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

ဒါ့အပြင် ဆွေးနွေးပွဲမှာ နှစ်ဖက်လုံးက ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးကို ထည့်သွင်းပြောဆိုကြတယ်လို့သိရပါတယ်။ 

ဒေသတွင်း လက်နက်ကိုင်များအကြား ကာလကြာ သဘောထားကွဲလွဲမှုနဲ့ ပဋိပက္ခများ ပေါက်ဖွားဖို့ လွယ်ကူနေတာတွေကြောင့် ငြိမ်းချမ်းရေးနဲ့  ဒေသဖွံ့ဖြိုးရေးများကို ဖော်ဆောင်နိုင်ဖို့အတွက်သဘောထားကြီးဖို့ အရေးကြီးပါကြောင်း ( MNTJP/ MNDAA)က အထွေထွေအတွင်းရေးမှူး (၂)၊ ဆက်ဆံရေးဌာနမှူး ဦးဖုန်ဝင်းနိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိစ္စ ရပ်များ၊ MNDAA ရဲ့  နိုင်ငံရေးတရားဝင်မှုဖြစ်စေရေး၊ တိုင်းရင်းသားများတန်းတူညီမျှရရှိရေး၊အွန်လိုင်းငွေလိမ်လည်မှု( ကျားဖြန့်)လုပ်ငန်းများနဲ့ မူးယစ်ဆေးဝါးလုပ်ငန်းများ တိုက်ဖျက်ရေးစတဲ့ လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားဖို့လိုအပ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ကိုးကန့်တပ် MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေးဖြင့်  အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နဲ့ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေကို သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ 

နောက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ညှိနှိုင်းပေးမှုတွေကြောင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နဲ့ လားရှိုးမြို့ကို စစ်တပ်ထံပြန်လည်လွှဲပြောင်းပေးခဲ့ရပါတယ်။ 

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ (FPNCC )အဖွဲ့တွေဖြစ်တဲ့ “ဝ”တပ်ဖွဲ့( UWSA)၊ မိုင်းလားတပ်(NDAA)၊ ရှမ်းတပ် (SSPP) ၊ တအာင်းတပ် (TNLA ) နဲ့  ကိုးကန့်တပ် MNDAA တို့က   NSPNC အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေရှိနေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *