
စက်တင်ဘာ ၂၅၊ အင်းတော်
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က မြစ်ကြီးနား-မန္တလေး ဗျူဟာလမ်းမပေါ်က စက်တောကုန်းကျေးရွာအနီးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
စစ်တပ်က Y-12 လေယာဉ်နဲ့ ဗုံးအလုံးရေ ၄၀ ခန့်ကို မနက် ၁၁ နာရီကနေ ညနေ ၄ နာရီ အချိန်အတွင်း ကြဲချမှုဖြစ်ပွားခဲ့ပြီး ဒေသခံ (၅) ဦးသေဆုံးခဲ့ပြီး (၈)ဦး ကပြင်းထန်ဒဏ်ရာရခဲ့တာပါ။
စက်တောကုန်းကျေးရွာအနီးရှိ ပွိုင့် စက်သုံးဆီဆိုင် ဝန်းကျင်မှာဖြစ်ပွားခဲ့ပြီး လမ်းမပေါ် မောင်းနှင်နေတဲ့ စက်သုံးဆီတင် ဆီဘောက်ဆာယာဉ်ကို တိုက်ရိုက်ထိမှန်ခဲ့ပြီးနောက် ကားလမ်းမဘေးမှာ ရပ်တန့်ထားတဲ့ ဆီးကားများကိုလည်းထိခိုက်ခဲ့တယ်လို့ သိရပါတယ််။
လေကြောင်းတိုက်ခိုက်မှုကြောင့် အနီးဝန်းကျင်ရှိ စက်သုံးဆီဆိုင် အဆောက်အအုံများနဲ့ လမ်းမကြီးတစ်လျှောက်မှာ ထိခိုက်ပျက်စီးမှု အမြောက်အများရှိခဲ့တာပါ။
ဒီလိုတိုက်ခိုက်မှုအပေါ် အင်းတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ကန့်ကွက်စာတစ်စောင်ကို ဒီနေ့မှာ ထုတ်ပြန်ခဲ့ပြီး ထိရောက်မှုအရှိဆုံးနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်ခဲ့တဲ့နေရာမှာ တိုက်ပွဲဖြစ်ပွားရာနေရာမဟုတ်ကြောင်းနဲ့ ကုန်သည်များ ကူးသန်းရောင်းဝယ်တဲ့နေရာဖြစ်ပြီး မိုးတွင်းကာလဖြစ်တာကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ လမ်းပိုင်းမြေကျွံမှုများကြောင့် ကုန်ကားများ ပိတ်ဆို့နေတဲ့ နေရာဖြစ်တယ်လို့ စာထဲဖော်ပြထားပါတယ်။
အင်းတော်မြို့နယ်အတွင်းက မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို ပကဖ တွေက ရက်အကန့်အသတ်မရှိပိတ်ထားပြီး ကွင်းလမ်းတွေကနေတဆင့် ကုန်ကားနဲ့ ခရီးသည်တင်ကားတွေက သွားလာနေရတာလည်းဖြစ်ပါတယ်။
အင်းတော်ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားတာဖြစ်ပြီး အခုလတွေအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်းတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။
