စစ်မှုထမ်းထဲ မပါဝင်ဖို့ နဲ့    တော်လှန်ရေးနယ်မြေထံ လာဖို့ လူငယ်တွေကို  NUG တိုက်တွန်း

အောက်တိုဘာ ၂၊ချင်းမိုင် 

အရွယ်ရောက်ပြီးတဲ့ လူငယ်တွေအနေနဲ့ စစ်မှုထမ်းထဲမပါစေဖို့အတွက် တော်လှန်ရေးနယ်မြေ ဒါမှမဟုတ် နိုင်ငံခြားကိုထွက်ခွာဖို့  ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်မှာ NUG က အသိပေးထားပါတယ်။ 

စစ်တပ်ရဲ့ စစ်မှုထမ်းဖမ်းဆီးနေမှုအပေါ် တိုက်ဖျက်ရေးအတွက် လူငယ်တွေကို တော်လှန်ရေးနယ်မြေတွေမှာ လာရောက်ဖို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က ပြောပါတယ်။ 

တော်လှန်ရေးနယ်မြေများကို ရောက်ရှိလာပြီး တိုက်ခိုက်ရေးတာဝန် ထမ်းဆောင်လိုသူများအတွက် PDF သို့မဟုတ် ပကဖတပ်ဖွဲ့များတွင် ပါဝင်နိုင်ရန် စီစဉ်ပေးမှာဖြစ်သလို တိုက်ခိုက်ရေးတာဝန် မထမ်းဆောင်လိုသူများအတွက်လည်း အခြားကဏ္ဍများမှာ ပါဝင်နိုင်ရန် စီစဉ်ပေးသွားမှာဖြစ်တယ်လို့ သူက ပြောထားပါတယ်။

တော်လှန်ရေးနယ်မြေအတွင်းမှာ    ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်စောင့်ရှောက်ရေး၊ ပြည်ပထွက်ခွာနိုင်ရေး၊ လူထုဝန်ဆောင်မှုနဲ့ ကုန်ထုတ်လုပ်ငန်း အစီအစဉ်တွေကို NUG က ရေးဆွဲထားတယ်လို့ဆိုပါတယ်။ 

ပေါ်တာဆွဲဖမ်းဆီးခံရရင် ရှောင်လွှဲနိုင်ရန်အတွက် တစ်ဦးတည်းသွားလာခြင်းနဲ့ ညဘက် အပြင်ထွက်ခြင်းများကို အတတ်နိုင်နိုင်ဆုံး ရှောင်ကြဉ်ကြရန်၊ မလွှဲမရှောင်သာလို့ အဓမ္ဓစစ်သားစုဆောင်းခံရရင် အခွင့်သာတာနဲ့ထွက်ပြေးကြရန်လိုကြောင်းနဲ့ စစ်တပ်ကနေပါရှိတဲ့  လက်နက်များကိုတစ်ပါတည်းယူဆောင်လာဖို့ စာထဲတိုက်တွန်းထားတာဖြစ်ပါတယ်။

မြို့ပြတွေမှာ စစ်မှုထမ်းတွေကို ပုံစံမျိုးစုံနဲ့ ဆွဲခေါ်နေပြီး ညဘက်ဆွဲခံရတာ၊ နေ့ခင်းဘက် လူပြတ်တဲ့နေရာတွေမှာ ခေါ်ဆောင်တာတွေ ပြုလုပ်နေတယ်လို့ မန္တလေးဒေသခံတွေကပြောပါတယ်။ 

“ ဘီယာထွက်သောက်တာ (၃) ယောက်ဆွဲခံရတာ နယ်မြေကင်းမဟုတ်ဘူး နယ်ကျော်ကင်းဆိုတာသပ်သပ်ရှိသေးတယ်။ ကားနဲ့ လှည့်တာအဲ့မှာ သူကမူးနေတဲ့အချိန် ခေါ်သွားတော့တာလေ နန်းတွင်းထဲတစ်ခါတည်းတန်းခေါ်သွားတာ” လို့ မန္တလေးက စစ်တပ်ရဲ့စစ်သားစုဆောင်းရေး ခေါ်ဆောင်ခံရသူနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ဒီလိုဖမ်းဆီးခံရသူတွေဟာ စစ်သင်တန်းကာလ ၂ လ  တက်ရောက်ပြီးမှ မိသားစုနဲ့ ပြန်လည်ဆက်သွယ်စေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးများအပြင် နေရာဒေသအများအပြားမှာ စစ်တပ်ရဲ့ ညဘက် စစ်သားစုဆောင်းမှုတွေဟာ  ခပ်စိတ်စိတ်ဖြစ်လာနေတာတွေ့ရတာကြောင့် မြို့နေလူထုများအကြားစိုးရိမ်မှုရှိနေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *