
အောက်တိုဘာ(၅) ရက် ၊ခန္တီး
စစ်ကိုင်းတိုင်း ၊ခန္တီးခရိုင် အမှတ် (၂) တပ်ရင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ကနေ ထွက်ပြေးသွားတဲ့ တပ်ပြေး အပါအဝင် PDF တပ်ဖွဲ့ဝင် (၂၇) ဦးကို ပြန်လာဖို့ သတိပေးထုတ်ပြန်ထားပါတယ်။
ဒီလ အောက်တိုဘာလလယ် (၁၅)ရက်နေ့ကို နောက်ဆုံးထားပြီး တပ်ရင်းထံ ပြန်လည်ဆက်သွယ်ဖို့ နာမည်၊ ဇာတိတွေနဲ့အတူ ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။
တပ်ပြေး၊ခွင့်လွန်နဲ့ အခြားအကြောင်းအမျိုးမျိုးကြောင့် တာဝန်ထမ်းဆောင်ခြင်းမရှိနေသူတွေအားလုံး ပြန်လည်ဝင်ရောက်လာဖို့ကို ပထမအကြိမ်သတိပေးမှုအဖြစ် ထုတ်ပြန်ချက်ထဲ ပြောထားပါတယ်။
သတိပေးမှုကာလအတောအတွင်းမှာ ဆက်သွယ်လာခြင်းမရှိရင် ဒုတိယအကြိမ်သတိပေးမှုအဖြစ် ရုပ်ပုံတွေနဲ့တကွ ဖော်ပြမယ်လို့ သိရပါတယ်။
အခု ခန္တီးခရိုင် အမှတ်(၂) တပ်ရင်းကနေ ” ရန်သူဘက်ကို ပူးပေါင်းသွားတဲ့ PDF ရဲဘော်တွေရှိနေသလို ရန်သူဘက်ကနေ စေလွှတ်ခဲ့တဲ့ ထောက်လှမ်းရေးသူလျှိုတွေလည်း ရှိခဲ့ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒီထုတ်ပြန်ချက်ကိုတော့ အသေးစိတ်ထုတ်ပြန်ခြင်းမရှိပါဘူး။
ခန္တီးခရိုင် အမှတ် (၂) တပ်ရင်းက ပြန်ခေါ်နေတဲ့ PDF (၂၇) ဦးစာရင်းထဲ အမျိုးသမီး (၆) ဦးပါဝင်ပြီး ဖောင်းပြင်မြို့နယ်ဇာတိ (၁)ဦးနဲ့ ဟုမ္မလင်းမြို့နယ်က (၅)ဦး တို့ ဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသား (၂၁)ဦးထဲမှာလည်း စစ်ကိုင်းတိုင်းထဲက ယင်းမာပင် ၊မုံရွာ၊မင်းကင်း၊ မြောင် မြို့နယ်ဇာတိနဲ့ မန္တလေးတိုင်းထဲက မြင်းခြံ နဲ့ မတ္တရာ မြို့နယ်ဇာတိတွေလည်း ပါဝင်ထားပြီး အများဆုံးက ဟုမ္မလင်းမြို့နယ်ကဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကလည်း ဗန်းမောက်မြို့နယ် အတွင်းက အခုလို တာဝန်ထမ်းဆောင်ဖို့ပျက်ကွက်သူ PDF တပ်ဖွဲ့ဝင်တွေကို ဗန်းမောက် မြို့နယ် ပ.က.ဖက ပြန်ခေါ်စာထုတ်ပြန်ခဲ့ဖူးပါတယ်။
အခုလိုပြန်ခေါ်စာတွေထုတ်ပြန်ခဲ့ကြပေမယ့် ပြန်လည်ဝင်ရောက်လာခြင်းရှိမရှိကိုတော့ မသိရှိရပါဘူး။
