
အောက်တိုဘာ(၉) ၊ ရန်ကုန်
မြန်မာမှာ လူဦးရေ သန်း(၅၀) ကျော်ရှိတဲ့အထဲ ၁၇ ဒသမ ၉ သန်းကျော်ဟာ ဆင်းရဲနွမ်းပါးမှုဒဏ်ကို ခံစားနေရတယ်လို့ ကုလရဲ့ အောက်တိုဘာလအစီရင်ခံစာက ဆိုထားပါတယ်။
လူသုံးယောက်မှာ တစ်ယောက်နှုန်းက ငွေကြေးအပြင် ကျန်းမာရေး ၊လူနေမှုဘဝနဲ့ ပညာရေး၊စီးပွားရေး ဘက်ပေါင်းစုံမှာ ဆင်းရဲချို့တဲ့နေတာလည်း ဖြစ်ပါတယ်။
ဒီထဲ တိုင်းနဲ့ပြည်နယ်အနှံ့က အိမ်ထောင်စု ထက်ဝက်ကျော်ဟာ စီးပွားရေးအဆင်မပြေမှုတွေရှိနေပြီး အိမ်ထောင်စု (၅) စုထဲမှာ တစ်စုနှုန်းက သဘာဝဘေးအန္တရာယ်တွေကို ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
ကချင် ၊ ကယား ၊ရခိုင်၊ ချင်း ၊ ဧရာဝတီ စတဲ့ ပြည်နယ်နဲ့တိုင်းတို့မှာ ကျန်းမာရေးနဲ့ လူနေမှုအဆင့်အတန်း နိမ့်ကျဆင်းရဲမှုအများဆုံးဖြစ်တယ်လို့ သိရပါတယ်။
” ကျန်းမာရေးကြောင့် အသက်ဆုံးပါးသူတွေ တကယ်များလာတာတော့ ဟုတ်ပါတယ် ၊ လမ်းပိုင်းပိတ်ပင်မှုကြောင့် ဆေးဝါးပြတ်လပ်တယ်လေ အချိန်မှီမကုနိုင်နေဘူး ၊ လမ်းစရိတ်တွေကလည်း အတော်ကြီးတာကိုး ၊ ဆေးရုံဆေးခန်းလည်းပိတ်ထားကြတာကြာပြီလေ ၊ဖွင့်တဲ့မြို့တွေဆီ ရောက်သွားတော့လည်း ပြည့်စုံမှုမရှိဘူးလေ ၊လူနာတွေအတွက် ရွာဘက်မှာ အစာအဟာရတွေလည်း ရှားပါးနေတာ” လို့ ကချင်ပြည်နယ်အတွင်း နေထိုင်သူဒေသခံတစ်ဦးက အခုလိုပြောပြထားပါတယ်။
အစီရင်ခံစာထဲမှာလည်း ရိုက်ခတ်မှုဒဏ်တွေစုပြုံလာတာနဲ့အမျှ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းအားနည်းလာပြီး ဒေသခံတွေဟာ ကျန်းမာရေး ချို့ယွင်းဆိုးရွားလာတာ ၊ ကျန်းမာရေးဝန်ဆောင်မှုတွေ လျော့နည်းလာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုထားပါတယ်။
နောက်ထပ် စစ်ကိုင်း ၊မွန် ၊မန္တလေး ၊နေပြည်တော်တို့မှာတော့ ပညာရေးအားနည်းမှုတွေ ပိုမိုဖြစ်ပေါ်နေပြီး ကျန်ပြည်နယ်နဲ့တိုင်းတို့မှာလည်း ဒီဖြစ်ရပ်နှစ်မျိုးစလုံး ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
ဒါ့အပြင် နောက်ထပ် လူဦးရေ (၁၉)သန်းကျော်ဟာ အခုလိုဘက်ပေါင်းစုံဆင်းရဲဖို့ အလားအလာရှိနေပြီး လက်ရှိဆင်းရဲနေတဲ့သူနဲ့ ဆင်းရဲဖို့ အလားအလာရှိနေသူတွေပေါင်းလိုက်ရင် လူဦးရေ ( ၃၇ .၅)သန်းကျော် ဟာ အဆင်မပြမှုများစွာရှိနေကြတာပါ။
ဒီအရေအတွက်ဟာ မြန်မာလူဦးရေရဲ့ ထက်ဝက်ကျော်ခန့် ရှိနေတာလည်း ဖြစ်ပါတယ်။
လက်နက်ကိုင်တွေရှိပြီး တိုက်ပွဲတွေနဲ့ ပဋိပက္ခဒဏ်ကို ခံစားနေရတဲ့ ဒေသတွေမှာ ဆင်းရဲနွမ်းပါးမှုအဆင့်အမြင့်ဆုံးထဲ ရှိနေတယ်လို့ သိရပါတယ်။
