
အောက်တိုဘာ ၉၊ ဖားကန့်
ဖားကန့်မြို့နယ်က စုပေါင်းရုံးတိုက်ခိုက်ခံရပြီးနောက် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန က ဝန်ထမ်းအားလုံးကို မြစ်ကြီးနားသို့ ယာယီပြောင်းရွှေ့ထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ (၇)ရက်နေ့မှာ စုပေါင်းရုံးအတွင်း လမ်းပိုင်းပြုပြင်ဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ အစည်းအဝေးပြုလုပ်နေချိန် KIA+PDF ပူးပေါင်းတပ်များက ဒရော့ဗုံး နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက် ရုံးတွေကို ပိတ်တာ၊ လုံခြုံရေးတင်းကြပ်တာတွေပြုလုပ်နေတယ်လို့သိရပါတယ်။
ရုံးတွေပြောင်းရွှေ့ရတာကြောင့် ခရီးစရိတ်နဲ့ နေထိုင်စားသောက်စားရိတ်များ ထပ်ကုန်ကျမယ့်အရေးကို ဒေသခံများကစိုးရိမ်မှုတွေရှိနေတာလည်းဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိမှာတော့ ဖားကန့် ဒေသခံများအနေနဲ့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းများကို မြစ်ကြီးနားမြို့က ယာယီသတ်မှတ်ထားတဲ့ လဝက ရုံးမှာသွားရောက်ပြီးလုပ်ဆောင်ရမှာ ဖြစ်တယ်လို့သိရပါတယ်။
အလားတူ လမ်းပိုင်းအတွင်းသွားလာရေးအခက်အခဲများရှိနေတဲ့အထဲ အစိုးရဝန်ထမ်းများရဲ့ လစဉ် လစာများပါ မြစ်ကြီးနားမြို့မှာသွားရောက်ထုတ်ယူနေရဆဲလည်းဖြစ်ပါတယ်။
ပြီးခဲ့ ဩဂုတ် (၂၁ ) ရက်နေ့က ဒီအရေးကို ဖားကန့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသက်ပိုင်ထူးက ဖားကန့်မြို့မှာ မြန်မာ့စီးပွားရေးဘဏ် ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန် ပြည်နယ်အစိုးရထံတောင်းဆိုခဲ့ပါတယ်။
နယ်မြေလုံခြုံရေးနဲ့ တိုက်ပွဲများကြောင့် ဘဏ်လုပ်ငန်းများ ယာယီရပ်ဆိုင်းထားရတာဖြစ်ပြီး ဒေသခံများ၊ ဝန်ထမ်းများနဲ့ အငြိမ်းစားပင်စင်လခစားများအတွက် ငွေကြေးထုတ်ယူမှု၊ ဘဏ်ဝန်ဆောင်မှုတွေကို ပြန်လည်အဆင်ပြေနိုင်ရန် တင်ပြတာဖြစ်တယ်လို့ သူကပြောဆိုခဲ့ပါသေးတယ်။
