ဖားကန့်၊နမ့်မှော်မြေစာပုံပြိုကျမှုထဲ သေဆုံးသွားသူတွေကို ကုမ္ပဏီမှ လျော်ကြေးငွေပေး

ဇူလိုင်(၁၀)၊ ဖားကန့်

ဖားကန့်မြို့နယ်မှာ  မကြာသေးခင်က မြေစာပုံပြိုကျခဲ့တဲ့ နမ့်မှော်ကျေးရွာ စိန်လုံလုပ်ကွက်အတွင်း  သေဆုံးသူတချို့ကို  ကုမ္ပဏီဘက်ကနေ လျော်ကြေးငွေတွေပေးခဲ့တယ်လို့ နီးစပ်သူများထံမှ သိရပါတယ်။

ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီဘက်ကနေ သေဆုံးသွားသူ သူ့ရဲ့အလုပ်သမားများကို ပေးလျော်တဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး လျော်ကြေးငွေမတူညီကြောင်း ဆိုပါတယ်။

“ ရခိုင်လူမျိုးဆို သိန်း၇၀၀ ပေးတယ်၊ ကချင် လူမျိုးအလောင်းကို သူ့ရဲ့မိသားစုကို ကျပ်သိန်း၅၀၀ လျော်တယ်တဲ့ မတူဘူးနော် ဗမာလူမျိုးကျတော့ သိန်း ၃၀၀ ပေးတယ်တဲ့ ဗမာလူမျိုးရဲ့ အသက်တစ်ချောင်းက ရခိုင်လူမျိုးရဲ့ တစ်ဝက်တောင်မရှိဘူး” ဟု သေဆုံးသွားသူတွေနဲ့ နီးစပ်သူတစ်ဦးက အခုလိုပြောပြပါတယ်။

ဒီလိုမတူညီတဲ့ လျော်ကြေးငွေတွေပေးဆောင်ရတဲ့အကြောင်းအရင်းကိုသေချာသိရှိရခြင်းမရှိသလို မိသားစုတွေအနေနဲ့လည်း ဇောဒကမတက်ရဲကြဘဲ ရရှိတဲ့ငွေကြေးပမာဏအတိုင်းသာ လက်ခံထားကြကြောင်း သိရပါတယ်။

“ ဟိုအရင်ခေတ်ကလည်း  ဒီလိုမျိုး မြေစာပြိုတယ် သေသွားတဲ့ဟာတွေ ကြုံဖူးပါတယ်။  အဲ့တုန်းကလည်း တစ်ယောက်ကို ဥပမာ သိန်း ၈၀ သိန်း၁၀၀ ပေါ့သူ့ခေတ်နဲ့သူခါပေါ့လေ အဲတုန်းကဘာလူမျိုးပဲဖြစ်ဖြစ် ပေးတာအတူတူပဲ ပျမ်းမျှနှုန်းနဲ့သွားတာ အဲ့တုန်းက ကုမ္ပဏီအကြီးကြီးတွေက ပုံမှန် ပျမ်းမျှနှုန်းနဲ့သွားတာပေါ့ ရာထူးတွေကြောင့်မဟုတ်ဘူး ရာထူးအကြီးအသေးက သူတို့လစာနဲ့အကျိုးခံစားခွင့်နဲ့ ပဲဆိုင်တာ သေသွားတဲ့ အသက်ကတော့ တစ်ပုံစံတည်းသွားသင့်တယ်လေ” ဟု သူကဆိုပါတယ်။

အခုကုမ္ပဏီကလည်း သယံဇာတဝန်ကြီးဌာနကနေ တရားဝင်တူးဖော်ခွင့်ရရှိထားတာမဟုတ်ပေမယ့် ဒေသအတွင်းက လက်နက်ကိုင်တပ်ဖွဲ့များနဲ့ ပူးတွဲလုပ်ကိုင်နေတဲ့ ကျောက်စိမ်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

သေဆုံးသွားသူတွေက ဇူလိုင်(၃)ရက်နေ့က မြေစာပုံပြိုကျမှုထဲ ပါဝင်သွားသူတွေဖြစ်ပြီး  ဒီမတိုင်ခင် ဇွန်(၂၈)ရက်နေ့ကလည်း အဆိုပါလုပ်ကွက်နဲ့ကပ်လျက် မြေစာပုံတစ်ခု ပြိုကျခဲ့ပြီး ရေမဆေးသမား သေဆုံးသူ(၇)ဦးထိ ရှိခဲ့ပါတယ်။ 

ဒါကြောင့် ဇွန်လ(၂၈)ရက်နေ့ကနေ ဇူလိုင်လ(၃)ရက်နေ့အထိ (၅)ရက်အတွင်းမှာ  နမ့်မှော်ကျေးရွာအနီးမှာပဲ  မြေစာပုံပြိုကျမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးသူ(၁၅)ဦးခန့်ရှိခဲ့သလို သေဆုံးသူ (၁၀)ဦးကျော်ရှိခဲ့တာလည်းဖြစ်ပါတယ်။

အခုကျေးရွာအပါအဝင် ဆိပ်မူကျေးရွာအုပ်စုတစ်ဝိုက်တွေကို KIA+PDF ပူးပေါင်းအဖွဲ့တွေထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *