ဧပြီ ၂၄ ၊ ဖားကန့်
မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ခြေမြန်တပ်ရင်း (ခမရ-၁၁၆) ကို ယနေ့ ဧပြီလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ (KIA+PDF)ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။
ဆယ်ဇင်းကျေးရွာမှာ ရှိနေသည့် စစ်ကောင်စီတပ်စခန်းနှစ်ခု စလုံးကို (KIA+PDF)ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်တာလို့ ဆယ်ဇင်းဒေသခံ အမျိုးသမီးတစ်ဦးက ယခုလို ပြောပြလာပါတယ်။
“အေး ဆယ်ဇင်းကတော့ မနေ့ ညကတည်းက သိမ်းလိုက်ပြီ။ တစ်ရွာလုံးပဲ။ သူတို့(စစ်ကောင်စီ)က နှစ်နေရာ နေထားတာလေ။ သူတို့ရဲ့ကုန်းကော၊ ဘုရားကုန်းဘက်မှာရော နေထားတာလေ သူတို့(စစ်ကောင်စီ)က။”
ဆယ်ဇင်းကျေးရွာမှာ ရှိသည့် စစ်ကောင်စီရဲစခန်းကိုတော့ ဧပြီလ ၁၀ ရက်နေ့မှာ (KIA+PDF)ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
(KIA+PDF)ပူးပေါင်းတပ်ဖွဲ့တွေ အနေနဲ့ ဆယ်ဇင်းကျေးရွာရှိ ကျေးရွာဒေသခံတွေကို သင်္ကြန်မတိုင်ခင်ကတည်းက ထွက်ခိုင်းထားပြီး ရွှေတောင်ကျော်နှင့် ကွမ်းဟဲဘက်တွေမှာ ပို့ထားတာလို့ သိရှိရပါတယ်။
“ရွာသူရွာသားတွေတော့ ဘယ်သူမှ မရှိတော့ဘူး။ သူတို့(KIA+PDF) ထွက်ခိုင်းထားတာချည်းကြီးကို။ သူတို့(KIA+PDF) ခေါ်ထားတာ။ သင်္ကြန်တောင် မရောက်သေးဘူး သူတို့(KIA+PDF)က ထွက်ခိုင်းထားတာ။”
လက်ရှိမှာတော့ စစ်ကောင်စီတပ်သားအချို့တွေက စစ်ကိုင်းတိုင်းအတွင်းဘက် ဟုမ္မလင်းမြို့နယ်အတွင်း တပ်ဆုတ်ထားတာတွေလည်း ရှိတယ်လို့ သိရှိရပြီး တိုက်ပွဲအတွင်း အထိအခိုက်ကိုတော့ စုံစမ်းသိရှိရခြင်း မရှိသေးပါဘူး။
ဆယ်ဇင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို သင်္ကြန်ကာလအတွင်းမှာ KIA+PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရက်သတ္တနှစ်ပတ်နီးပါးကြာ တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။