
နိုဝင်ဘာ ၂၁ ၊ မန္တလေး
မန္တလေး PDF (MDY_PDF) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေထဲက စစ်ရေးဌာနကြီးမှူး ကိုမုန်တိုင်း နဲ့ ဘဏ္ဍာရှာဖွေရေးဆိုင်ရာဌာနကြီးမှူး ကိုနိုင်ကြီးတို့နှစ်ဦးကို လက်နက်ဖြုတ်သိမ်းကာ အချုပ်ထားအရေးယူထားတယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
မန္တလေး PDF ရဲ့ထုတ်ပြန်ချက်အရ သူတို့နှစ်ဦးဟာ တပ်ပိုင်ဘဏ္ဍာပစ္စည်းတချို့ကို တရားမဝင်ထုတ်ယူခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
အဲ့သလိုထုတ်ယူမှုတွေကြောင့် အပြစ်ရှိကြောင်း ၂၀၂၅ ခုနှစ် ဩဂုတ်လက ပြုလုပ်ခဲ့တဲ့ ဗဟိုကော်မတီအစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ပြီးဖြစ်ပေမယ့် အဲ့ဒီပစ္စည်းတွေကို ပြန်လည်အပ်နှံခြင်းမရှိတဲ့အတွက် ကြီးမားတဲ့ပြစ်မှုအဆင့်ရောက်ရှိိတာလို့ဆိုပါတယ်။
ဒီလ ၁၅ ရက်နေ့မှာပဲ ကိုမုန်တိုင်းနဲ့ ကိုနိုင်ကြီး တို့နှစ်ဦးစလုံးရဲ့ လက်ရှိထမ်းဆောင်နေတဲ့ တာဝန်တွေကို ရပ်ဆိုင်းထားပြီး လက်နက်ဖြုတ်သိမ်းကာ အချုပ်နဲ့ထိန်းသိမ်းထားလိုက်တယ်လို့ ဆိုထားပါတယ်။
ဒီအမှုတွေကို တပ်တွင်းဆုံးဖြတ်ချက်နဲ့မလုံလောက်တော့ဘဲ စစ်ရုံးချုပ်ကို အမှုတွဲတင်ပြထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
MDY PDF ဟာ အခုဖြစ်စဉ်ကို သတင်းထုတ်ပြန်တာဟာ သတင်းအချက်အလက်လွှဲမှားတာတွေ ၊ ကောလဟလတွေ ပေါ်ပေါက်လာမယ့် အရိပ်ယောင်တွေရှိလာတာကြောင့် သတင်းထုတ်ပြန်ရတာဖြစ်တယ်လို့ဆိုပါတယ်။
MDY_PDF တပ်တွေဟာ ၎င်းတို့သိမ်းပိုက်ထားတဲ့ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ် နဲ့ သပိတ်ကျင်းမြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထိုးစစ်တွေကို ခုခံနေရတာလည်းဖြစ်ပါတယ်။
တစ်ဖက်မှာလည်း TNLA တပ်တွေနဲ့အတူသိမ်းပိုက်ခဲ့တဲ့ မိုးကုတ်မြို့ကိုလည်း TNLA တပ်တွေကတပ်ပြန်ဆုတ်မယ့်အရေးကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။
