ကချင်ပြည်နယ် တိုင်းရင်းသားများဘောလုံးပြိုင်ပွဲ မြစ်ကြီးနားမြို့မှာ ပြုလုပ်မည်

ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် Tai Leng FC အသင်းကိုတွေ့ရစဉ်/ Credit

ဇူလိုင် ၁၀၊ မြစ်ကြီးနား

ကချင်ပြည်နယ်လုံးဆိုင်ရာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးချုပ်ဖလားဘောလုံးပွဲကို လာမဲ့ဇူလိုင် ၁၇ ရက်နေ့မှာ ဖွင့်ပွဲစတင်မှာဖြစ်ပြီး တစ်လဝန်းကျင်ကြာကျင်းပမှာဖြစ်တယ်လို့ ဒေသခံများထံမှသိရပါတယ်။

မြစ်ကြီးနားမြို့၊ ပြည်နယ်အားကစားကွင်းမှာကျင်းပမှာဖြစ်ပြီး စတုတ္ထအကြိမ်မြောက် ဖြစ်တယ်လို့သိရပါတယ်။

ဌာနေတိုင်းရင်းသားများဖြစ်တဲ့ ရှမ်း ၅ သင်း၊ ကချင် ၆သင်း၊ ဗမာ၊ ရခိုင်၊ မွန်၊ ချင်း၊ ကရင် နဲ့ နာဂ စတဲ့စုစုပေါင်း အသင်း (၁၆) သင်းနဲ့ ကျင်းပသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်၊ကရင်နဲ့ နာဂ အသင်းတွေကတော့ ဒီနှစ်မှစတင် ပါဝင်လာတာဖြစ်ပြီး ခုလာမယ့်ဇူလိုင် ၁၂ နဲ့ ၁၃ ရက်နေ့များမှာတော့အသင်းတစ်သင်းစီက အသင်းသားများကိုလူရွေးပွဲအဖြစ်ပြုလုပ်ပြီးမှသာ လူစစ်ထုတ်ရွေးချယ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

“မိုးညှင်းဘက်က လာတဲ့ကလေးတွေနဲ့ ဒီဘက်ကကလေးတွေနဲ ချစ်ကြည်ရေးပွဲကန်ပြီး လူရွေးယုံပဲအဲဒီသဘော ၁၂ ရက်နေ့ ညနေလောက်ဖြစ်မယ်” လို့ ရှမ်း ၅ သင်းထဲက ရှမ်းနီ(တိုင်းလိုင်) အသင်းတာဝန်ရှိသူတစ်ဦးက အခုလိုပြောဆိုလာပါတယ်။  

အဲဒီရှမ်းနီ(တိုင်းလိုင်) အသင်းထဲတွင် မိုးညှင်း၊ပမ္မတီး၊ဇီးကျွန်း၊ ခတ်ချို၊ နောင်တာလောက ရှမ်းနီလူငယ်များ ပါဝင်ကစားသွားမှာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။

မနှစ်က ၂၀၂၅ ခုနှစ်အတွင်း တတိယအကြိမ်မြောက်ပွဲမှာ  ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးအားကစားနည်းဟာ တိုင်းရင်းသားအားလုံးကို ပိုမိုရင်းနှီးချစ်ခင်မှုနဲ့ ညီညွတ်မှုရရှိစေမှာဖြစ်ပြီး ပြိုင်ပွဲသည်လည်း အားကစားနည်းတစ်မျိုးထဲသာမက တိုင်းရင်းသားအားလုံးရဲ့  ယဉ်ကျေးမှုအမွေအနှစ်များကို ဂုဏ်ယူစွာပြသရာနေရာနဲ့ နားလည်မှု၊ လေးစားမှုကို တည်ဆောက်ရာနေရာဖြစ်တယ်လို့ ဆိုပါတယ်။ 

အဆိုပါ တိုင်းရင်းသားပေါင်းစုံဘောလုံးကို ၂၀၂၂ ခုနှစ်မှစတင်ကာ ကချင် ၆ သင်း၊ ရှမ်း (၅) သင်းနဲ့ ဗမာ (၁) သင်းဖြင့်စုစုပေါင်း အသင်း (၁၂) သင်း ယှဉ်ပြိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *