
အောက်တိုဘာ ၁၃၊ ရန်ကုန်
NCA ဆွေးနွေးပွဲနဲ့ ရွေးကောက်ပွဲတွေက မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို ပိုနက်ရှိုင်းစေပြီး ပဋိပက္ခကို ရှည်လျားအောင် ပြုလုပ်နေမှုတွေသာ ဖြစ်တယ်လို့ NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့က ပူးတွဲသဘောထားထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၈ နှစ်ပြည့်အခမ်းအနားမတိုင်မီ ကျောင်းသားတပ်မတော် ABSDF , ချင်းအမျိုးသားတပ်ဦး CNF နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့က ပူးတွဲသဘောထားထုတ်ပြန်လိုက်တာပါ။
စစ်အာဏာသိမ်းမှုဟာ NCA အခြေခံမူ နဲ့ ရည်ရွယ်ချက်တွေကိုဖျက်ဆီးလိုက်သလို၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်ပြယ်စေတဲ့အတွက် NCA ကိုအခြေခံတဲ့ လုပ်ငန်းစဉ် နဲ့ ဆွေးနွေးမှုလမ်းကြောင်းတွေက ရပ်တန့်သွားခဲ့တာလို့ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းနဲ့ ကြည်းကြောင်းတွေကိုအသုံးပြုပြီး တိုက်ခိုက်မှုတွေအပြင် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကိုလည်း ချိုးဖောက်နေတဲ့အတွက် NCA က ပျက်ပြယ်မှုကို ပိုခိုင်မာလာစေတယ်လို့ ပြောဆိုကြပါတယ်။
သဘောထားကြေညာချက်ထုတ်ပြန်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ (၃)ခုရဲ့ နိုင်ငံရေးဘုံရည်မှန်းချက်၊ ဘုံရပ်တည်ချက် (၁၁) ချက်ကိုလည်း တစ်ပါတည်းထုတ်ပြန်ခဲ့ပြီး စစ်တပ်က နိုင်ငံရေးကနေ လုံးဝထွက်ခွာသွားရေး ၊ စစ်တပ်ပြုပြင်ပြောင်းလဲရေး နဲ့ အသွင်ကူးပြောင်းရေး ဆိုင်ရာ အာဏာပိုင် ( Transitional Authority) တစ်ရပ်ဖြစ်ပေါ်လာရေး စတဲ့အချက်တွေပါဝင်ပါတယ်။
NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၈)ဖွဲ့က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ် ၂၁ ရာစု ပင်လုံညီလာခံတွင် နောက်ထပ် (၂) ဖွဲ့ လက်မှတ်ရေးထိုးပြီး စုစုပေါင်း (၁၀)ဖွဲ့ဖြစ်လာခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ABSDF, CNF နဲ့ KNU တို့က စစ်ကောင်စီပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တက်ရောက်ခြင်းမရှိပဲ စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြတာလည်းဖြစ်ပါတယ်။