နိုဝင်ဘာ ၃ ၊ အင်းတော်ကြီး မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မှန်ကင်းကျေးရွာတွင် အသက်ကြီးရွယ်အိုများကြိုတင်မဲပေးမှုတွင် တာဝန်ကျ မဲရုံမှူးက မဲဆန္ဒရှင်ဆန္ဒပေးလိုသည့် တံဆိပ်ကို ကူညီပြောပြမှုကြောင့် NLD ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း တို့ အချင်းများကြပြီး ကြိုတင်မဲပေးမှု ခေတ္တရပ်ဆိုင်းခဲ့ရကြောင်းသိရသည်။
နိုဝင်ဘာလ (၂)ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် မှန်ကင်းကျေးရွာရှိ သက်ကြီးရွယ်အိုနှစ်ဦးက ရွေ့လျားမဲပုံးသို့ မဲလာပေးရာ ၎င်းတို့ထည့်လိုသော ပါတီအမည်ကို မဲရုံမှူးအား မေးမြန်းရာ မဲရုံမှူးက ပြောပြခဲ့သောကြောင့် အချင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မဲရုံတွင် တာဝန်ထမ်းဆောင်နေသူ ကျောင်းဆရာ ဦးဇင်သူထွေးထံမှသိရသည်။
“ အဖိုးက ကျားနီက ဘယ်ဟာလဲ ဆိုတာပဲမေးတာ ။ ကျန်တာဘာမှမမေးဘူး ဆရာမကြီးကို ။ မျက်လုံးကလည်းမွဲ အသက် (၇၅) လည်းရှိပြီဆိုတော့” ဟု ကာယကံရှင် ဦးထွန်းရွှေက ဆိုသည်။ ဦးထွန်းရွှေတို့ မဲသွားထည့်ရာတွင် လင်မယားနှစ်ဦးတည်းသာ သွားရောက်ထည့်ခဲ့ပြီး ဆွေမျိုးသားချင်းများတစ်ဦးမျှ မပါဝင်ခဲ့ကြောင်း ၎င်းကဆိုသည်။
မှန်ကင်းကျေးရွာတွင် အသက်(၆ဝ)နှင့်အထက် မဲပေးနိုင်သူ (၁၂၂) ဦးရှိပြီး ထိုအချင်းများမှုကြောင်း နှစ်နှာရီကြာ မဲပေးမှုရပ်ဆိုင်းခဲ့ရသည်။
“ ရှမ်းနီအကွက်က ဘယ်အကွက်လဲ မျက်စိမွဲလို့ပြပေးပါဆိုတော့ ဒေါ်နှင်းနု( မဲရုံမှူး) ကဒီကွက်ဆိုပြီးပြပေးလိုက်တာ၊ သူတို့ကဘယ်လိုမြင်သွားလဲဆိုရင် ရှမ်းနီကိုထည့်ပါဆိုပြီး ခိုင်းတယ်ဆိုပြီး ချက်ခြင်းပြဿနာတက်တော့တာ အဲ့မှာ ။ ရှင်းပြတာကိုလည်း သူတို့က လက်မခံဘူးလေ ။ ပူညံပူညံဖြစ်တယ်လေ။ ရုန်းရုန်းနဲ့လေနှစ်နာရီလောက်က မဲမထည့်ရတော့တာ” ဟု ထိုအဖြစ်အပျက်တွင်အနီးကပ်ရှိနေသူ ဦးအောင်ရှိန်က ဆိုသည်။
ထိုရွေ့လျားမဲပေးရာတွင်လည်း NLD ပါတီအပါအဝင် ပါတီအသီးသီး၏ စောင့်ကြည့်ကိုယ်စားလှယ်များလည်း ပါဝင်နေသည်။
ထိုအချင်းများမှုနှင့်ပတ်သက်ပြီး မိုးညှင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်က မေးမြန်းရာတွင်လည်း ၎င်းတို့အနေဖြင့် သတင်းအချက်အလက် တိတိကျကျမရရှိသေးကြောင်းသာ ပြန်လည်ဖြေဆိုခဲ့သည်။
“ ပြောတာမှ စုံတာပါ့ ပယ်မဲတွေဖြစ်အောင်လုပ်ပစ်မယ်ဆိုတာတွေလည်းပါတယ်။ မဲကော်မရှင်က ရှင်းပြတဲ့အခါမှ ဒါတောင်လက်သင့်မခံချင်ဘူး။ သူတို့လာလုပ်တော့ တော်တော်လည်းကို အကျည်းတန်သွားတာပေါ့။ ဒီဘက်ကတော့ ဘယ်ကျေနပ်ကြမလဲ။” ဟု ဦးအောင်ရှိန် ကဆိုသည်။
ရွေးကောက်ပွဲကော်မရှင်၏ ၂ဝ၂ဝ ခုနှစ် မဲရုံမှူး ၊ ဒုတိယမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်တွင် မဲရုံမှူး၏ လုပ်ငန်းတာဝန်များတွင် မဲဆန္ဒပေးသူက အမည်မဖတ်တတ်လျှင်သော်လည်းကောင်း ၊ ညွှန်ကြားထား သည့်အတိုင်း ဆန္ဒမဲမပေးတတ်လျှင်သော်လည်းကောင်း ၊ မဲဆန္ဒပေးသူက ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ပေးနိုင်ကြောင်း ဆိုထားသည်။