
NUG နဲ့ PDF တွေကို ထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မိုးညှင်းမြို့နယ် နမ္မားမြို့က နေအိမ်တချို့ကို စစ်ကောင်စီက စက်တင်ဘာလ ၂၈ ရက်နေ့မှာ ဖြိုဖျက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မိုးညှင်းမြို့နယ် နမ္မားမြို့ မြို့မရပ်ကွက်ရှိ အန်တီစု ခေါက်ဆွဲဆိုင် နေအိမ်ကို ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။
“ NUG PDF. တွေကို ထောက်ခံတယ်လို့ပြောတာပဲ။ အိမ်ပိုင်ရှင်ကတော့ ထွက်ပြေးနေတာကြာပြီ သူက နမ္မားမှာဆိုရင် NLD. ကိုအကြီးအကျယ်ထောက်ခံတဲ့လူပေါ့လေ။ ပြီးတော့ လိုင်းပေါ်မှာလည်း စာတွေပါတွေရေးတယ်” လို့ နမ္မားဒေသခံတစ်ဦးက ပြောပြပါတယ်။
ဖြိုဖျက်ရတဲ့ အဓိကအကြောင်းအရင်းကိုတော့ မိုးညှင်းမြို့နယ် စစ်ကောင်စီဘက်က ပြောဆိုထားခြင်းမရှိပါဘူး။
ဖြိုဖျက်ဆီးခံလိုက်ရတဲ့ အိမ်ကို စစ်ကောင်စီဘက်က ချိတ်ပိတ်ထားတာလည်းမရှိပဲ ငှားရမ်းထားတဲ့ စျေးဆိုင်တွေကို မောင်းထုတ်ခဲ့ပြီး ဖြိုဖျက်လိုက်တာလို့ ဖြစ်စဉ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီရဲ့ အခုလုပ်ရပ်တွေကြောင့် တခြားဒေသခံတွေရဲ့ နေအိမ်တွေလည်း စိုးရိမ်ထိပ်လန့်နေကြတယ်လို့ ဆိုကြပါတယ်။
စစ်ကောင်စီက NUG PDF တွေကို လူမှုကွန်ရက်စာမျက်နှာကနေ ထောက်ခံမှုပြုတဲ့ အမှတ်အသားတစ်ခုခုပြုလုပ်ထားရင်တောင် ထောင်ဒဏ်နှစ်ရှည်ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုသွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။