SSPP/SSA နဲ့ TNLA တို့၏ တိုက်ပွဲတွေကို ဖြေရှင်းဖို့ FPNCC ကို နှစ်ဖက်အဖွဲ့တွေ စာပို့ထား

ဇူလိုင် ၁၁ ၊​ ကျောက်မဲ

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ တအာင်းလက်နက်ကိုင်တပ် PSLF/TNLA တို့ကြားဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို FPNCC အနေနဲ့ ကြားဝင်ဖြေရှင်းပေးဖို့ ဇူလိုင်လ (၉)ရက်နေ့မှာ SSPP/SSA က ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ ထံကို စာထုတ်ပြန်ပေးပို့တောင်းဆိုလိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ PSLF/TNLA ဗဟိုကော်မတီရဲ့ထုတ်ပြန်ချက်အမှတ် (၀၆/၂၀၂၄) ဟာ SSPP/SSA ကို တစ်ဖက်သတ် စွပ်စွဲမှုများသာဖြစ်ပြီး ပြည်ထောင်စု အနာဂတ်အတွက် စိတ်မကောင်းဖြစ်ရကြောင်း SSPP က ဆိုထားပါတယ်။

PSLF/TNLA ဘက်မှ ထုတ်ပြန်ထားတဲ့ SSPP/SSA တပ်ဖွဲ့ ဗဟိုခေါင်းဆောင်များအနေနဲ့ မဟာမိတ်တပ်ဖွဲ့တွေကို ထိပါးနှောင့်ယှက်ဖို့အတွက် အမိန့်ပေးခိုင်းစေထားခြင်းမရှိပါကြောင်းကိုလည်း ဆိုပါတယ်။

စစ်ကောင်စီစခန်းများ မကျဆုံးမီ SSPP ထံလွှဲပြောင်းပေးတာ၊ SSPP တပ်ဖွဲ့များက စစ်ကောင်စီ (စကစ) တပ်ဖွဲ့များကို သယ်ယူပို့ဆောင်ပေးတာ ၊ လမ်းကြောင်းဖွင့်ပေးတာတွေဟာ စွပ်စွဲချက်များသာ ဖြစ်ကြောင်းလဲ ငြင်းဆိုထားပါတယ်။

တအာင်းလက်နက်ကိုင်တပ် TNLA ဘက်ကတော့ မြောက်ပိုင်းမဟာမိတ်တပ်တို့နှင့်အတူ စစ်ကောင်စီကို ဟန်ချက်ညီညီတိုက်ခိုက်နေစဉ် SSPP/SSA ခေါင်းဆောင်တချို့၏ ရည်ရွယ်ချက်ရှိရှိ အမိန့်ပေးတဲ့ အတိုင်း အောက်ခြေတပ်တွေက နှောက်ယှက်မှုအမျိုးမျိုး ဆက်တိုက်ကျူးလွန်နေတယ်လို့ဆိုထားပြီး ထိုလုပ်ရပ်များကို ရပ်တန့်ထိန်းသိမ်းဖို့ ဇူလိုင်လ ၈ ရက်နေ့မှာ စာထုတ်ပြန် တောင်းဆိုထားပါတယ်။

PSLF/TNLA ကလည်း အခုလိုပေါ်ပေါက်လာတဲ့ ပြဿနာကို FPNCC ထံ တင်ပြထားပြီး အမြန်ဆုံးကြားဝင်ထိန်းသိမ်းပြီး ညှိနှိုင်းမှုကို နာခံဆောင်ရွက်ရန် စောင့်ဆိုင်းလျက်ရှိနေကြောင်းလဲဆိုထားပါတယ်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ကို ၂၀၁၇ ဧပြီ ၁၉ ရက်နေ့က ရှမ်းပြည်နယ် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ ‘ဝ’တပ်ဖွဲ့ UWSP/UWSA က ဦးဆောင် စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ ရက္ခိုင်တပ်တော့ (AA)၊ ကချင်တပ် (KIO/KIA) ၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ မိုင်းလားတပ်ဖွဲ့ (NDAA) ၊ တအောင်းတပ်ဖွဲ့ (TNLA) , ရှမ်းတပ်ဖွဲ့ (SSPP/SSA) တို့ဖြင့် ပါဝင်တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *