စက်တင်ဘာ ၂၂ ၊ ဟုမ္မလင်း
Stay at Home သတ်မှတ်ထားခဲ့သည့် ဟုမ္မလင်းမြို့တွင် စက်တင်ဘာလအတွင်းတွင် ကူးစက်မှုလျှော့ကျခဲ့ကြောင်း ဟုမ္မလင်းမြိုန့ယ် Covid19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက ထုတ်ပြန်သည့် စာရင်းများအရသိရသည်။
“ အခု သတင်းတောင်မကြားတော့ဘူး ကိုဗစ်က ၊ ဘယ်သူမှလည်းစိတ်မဝင်စားဘူး” ဟု ဟုမ္မလင်းမြို့နယ် ဒေသခံတစ်ဦးက ဆိုသည်။
ဟုမ္မလင်းမြိုန့ယ်တွင် ဇွန်လမှ စက်တင်ဘာလ (၂၁)ရက်နေ့အထိ ကူးစက်သူ (၁၇၃၀) ဦးရှိခဲ့ပြီး ကုသမှုခံယူနေရသူ (၃၀) ဦးသာကျန်ရှိတော့သည်။
Covid19 ကြောင့် သေဆုံးသူ (၈၄) ဦးထိလည်းရှိထားပြီး အများစုမှာ ရောဂါအခံရှိသူများနှင့် အသက်အရွယ်ကြီးရင့်သူများဖြစ်ကြောင်း သိရသည်။
“ဆိုင်တွေအကုန်ပြန်ဖွင့် ၊ စားသောက်ဆိုင်တွေကော အကုန်ဖွင့် ၊ ဆိုင်ထိုင်စားလို့လည်းရပြီ ၊ ကိုဗစ်က ထိကြတယ်။ဒါမယ့် ဒီဘက်ကသိတဲ့အတိုင်း တုတ်ကွေးလို့ပဲပြောကြတာပါ့” ဟု ဟုမ္မလင်း ဥရုချောင်းဒေသက အမျိုးသမီးတစ်ဦးကဆိုသည်။
Covid19 ရောဂါပိုးလျှော့ကျလာခြင်းကြောင့် ကုသမှုစင်တာ (၃) ခုကိုလည်း ပိတ်သိမ်းလိုက်ပြီး ကုတင် (၁၀၀) ဆေးရုံတွင်သာ ကုသပေးလျှက်ရှိနေသည်။
ဟုမ္မလင်းမြို့နယ်တွင် Covid19 ရောဂါပိုးကူးစက်မှုလျှော့ကျသော်လည်း ဟုမ္မလင်းမြို့ဝင်/ထွက် စစ်ဆေးမှုများ နှင့် ကျန်းမာရေးထောက်ခံချက်လက်မှတ်များကို ငွေကြေးပေးပြီး ယခင်အတိုင်း ယူဆောင်နေရဆဲဖြစ်သည်။