နိုဝင်ဘာ ၁၂ ၊ မိုးကုတ်
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက နိုဝင်ဘာလ ၁၁ ရက်နေ့ ညသန်းခေါင်ချိန်မှာ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများရှိသလို နေအိိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ ရွာနတ်စင်နား လာကြဲချသွားတာ ၊ အဲ့နားက တကြောလုံးပဲ အိမ်တွေဆို ဆုတ်ပျက်သတ်သွားတာ ၊ ဆယ်အိမ်ဝန်းကျင်လောက်ထိသွားတယ် ၊ အခုဟာက ပထမဆုံးပဲ ပလောင်တွေသိမ်းပြီးနောက်ပိုင်း လာကြဲတာ ၊ လယ်ဦးကတော့ တိုက်ပွဲဖြစ်တုန်းကလည်း သိပ်မထိလိုက်ဘူး အခုမှ ကြမ်းကြမ်းတမ်းတမ်းကိုထိတာ ” လို့ မိုးကုတ်ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီက နိုဝင်ဘာလ ၁၁ ရက်နေ့ ညသန်းခေါင်အချိန်မှာ အထက်လယ်ဦးရပ်ကွက် (ရွာလယ်နတ်စင်) အနီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ် ၊ စားသောက်ဆိုင် ၊ လမ်းတွေ ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မိုးကုတ်မြို့ရဲ့ အနောက်ပိုင်းဒေသရှိ လူးထရပ်ကွက်ကို တိုက်ခိုက်မှုကြောင့် နေအိမ် နှင့် အရပ်သားထိခိုက်မှုတွေ များပြားတယ်လို့ ကနဦးသိရှိရပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းနဲ့အနောက်ပိုင်းမှ ဗုံးကြဲခံရမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေဟာ ဖုန်းလိုင်းပြတ်တောက်နေတဲ့အတွက် မသိရှိရသေးပါဘူး။
မိုးကုတ်မြို့ကို ဇူလိုင်လ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှာ TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ က ၁၀၂၇ ဒုတိယအပိုင်းအဖြစ် တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။