ချီဖွေငယ်ရေအားလျှပ်စစ် ပြင်ဆင်ပြီးပေမယ့် ရပ်ကွက်တချို့သာ မီးလင်းသေး

မေ ၁ ၊ မြစ်ကြီးနား

ချီဖွေငယ်ရေအားလျှပ်စစ်ကို ပြန်လည်ပြုပြင်နေတာပြီးစီးသွားပေမယ့် မြစ်ကြီးနားမြိို့ပေါ်ရပ်ကွက်တချို့သာ လျှပ်စစ်မီးရရှိနေတယ်လို့ သိရပါတယ်။ 

မြစ်ကြီးနားမြို့နယ်အပါအဝင် မြို့နယ်တစ်ချို့များမှာ ချီဖွေငယ် ရေအားလျှပ်စစ်ပြုပြင်ရန်အတွက်ဟုဆိုကာ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့မှစ လကုန် ၃၀ ရက်နေ့အထိ ရက်သတ္တပတ် ၁၄ ရက် တိတိ ၂၄ နာရီလျှပ်စစ်ဓာတ်အား ယာယီ ဖြတ်တောက်ထားခဲ့ပါတယ်။ 

“ သူတို့ပေးတဲ့ လိုင်းမတူလို့ထင်တယ်မရသေးဘူး ကြားတာတော့ ညနေလောက်မှပြန်ရမယ်ပြောတာပဲ နေရာတော်တော်များများတော့မရသေးပါဘူးလေ” လို့ ဒီနေ့နေ့လည်ပိုင်းအထိ လျှပ်စစ်မီးမပေးသေးကြောင်း မြို့ခံတစ်ဦးက ဆိုပါတယ်။

မနေ့က ဧပြီ ၃၀ ရက်နေ့ ညနေမှာ မြစ်ကြီးနားမြို့ပေါ်ရှိ မြို့သစ်ကြီးရက်ကွက်၊ စက်မှုရပ်ကွက် နဲ့  မန်ခိန် ရပ်ကွက်များသာ လျှပ်စစ်မီးပြန်လည်ရရှိနေတာဖြစ်ပြီး ကျန်မြို့နယ်များမှာ ယခုထိ မရရှိသေးပါဘူး။

မိုးညှင်း၊မိုးကောင်းမြို့နယ်တွေကိုတော့ ဒီနေ့ မေလ ၁ ရက်နေ့ညနေပိုင်းမှ လျှပ်စစ်မီးတွေစတင်လွှတ်ပေးတော့မယ်လို့ လျှပ်စစ်နဲ့နီးစပ်သူတွေက ဆိုထားပါတယ်။ 

လျှပ်စစ်ဓာတ်အားဖြတ်တောက်စဉ် ကာလအတွင်း ဘက်ထရီဆိုင်ကယ်အသုံးပြုသူများမှာ ဆိုလာနဲ့ မီးစက်တပ်ဆင်ထောင်ထားသူများထံမှာ သွားရောက်အားသွင်းရာတွင် အခကြေးငွေ အဆမတန်ကောက်ခံမှုတွေကြောင့် အခက်အခဲတွေ့ကြုံခဲ့ရတယ်လို့သိရပါတယ်။ 

လက်တလောမှာ မြစ်ဆုံစီမံကိန်းရေအားလျှပ်စစ်အတွက် ကချင်ပြည်နယ် ဝန်ကြီးချုပ်က ဒေသခံများနဲ့ နေရာအများစုမှာ ဆွေးနွေးပွဲများကို ( ၁၀)  ကြိမ်ထက်မနည်း လုပ်ဆောင်နေပေမယ့်  တစ်ဖက်မှာလည်း စီမံကိန်းကို မလိုလားသောဒေသခံ (၈၀) ကျော်က ကန့်ကွက်တဲ့စာသားများကိုင်ဆောင်ကာ ဧရာဝတီမြစ်ကမ်းဘေးတစ်နေရာတွင် ဆန္ဒထုတ်ဖော်နေကြတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *