
ဒီဇင်ဘာ ၁၀ ၊ ဟုမ္မလင်း
လာမယ့်၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့မှာကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း (၁ ) နဲ့ အပိုင်း (၂) အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၆၂ အုပ်စု ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာလ (၅ )ရက်နေ့မှာထုတ်ပြန်ထားပါတယ်။
ခန္တီးမြို့နယ်မှာတော့ ရွေးကောက်ပွဲ မပြုလုပ်မယ့် ကျေးရွာအုပ်စု (၁ )အုပ်စုသာရှိပြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာတော့ ကျေးရွာအုပ်စု (၆၁) အုပ်စုရှိတယ်လို့ သိရပါတယ်။
ဟုမ္မလင်းမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပမယ့် ရပ်ကွက် ၅ ခုနဲ့ ကျေးရွာအုပ်စု ၁၆ ခုရှိနေပြီး ရာခိုင်နှုန်းအနည်းငယ်သာ ရှိနေတာဖြစ်ပါတယ်။
ဟုမ္မလင်းမြို့နယ်တွင် ဥရုချောင်းဒေသ၊ နတ်နန်းဒေသ နဲ့ ချင်းတွင်းမြစ်အောက်ပိုင်းဒေသတွင် နေ့ စဥ်တိုက်ပွဲများဖြစ်ပေါ် နေပြီး နယ်မြေလုံခြုံမှုမရှိတာကြောင့် ဒီဒေသတွေအတွင်းမှာ ရွေးကောက်ပွဲပြုလုပ်သွားမှာမဟုတ်ဘူးလို့သိရပါတယ်။
ဥရုချောင်းဒေသတွေမှာတော့ နောင်ပိုအောင်၊ နမ့်တော၊ ရေပေါ်မီး၊ စေတီဆိပ်နဲ့ နတ်နန်းဒေသမှာတော့ နတ်နန်းအုပ်စု၊ နောင်ဖာမူအုပ်စု၊ ချင်းတွင်းမြစ်အောက်ပိုင်းဒေသမှာ ရွှေပြည်အေးမြို့၊ သောင်သွတ်အုပ်စု၊ လောင်းမင်းကျေးရွာအုပ်စုတို့မှာလည်း ရွေးကောက်ပွဲမကျင်းပတော့ဘူးဟု ဆိုထားပါတယ်။
ဟုမ္မလင်းမြို့နယ်ရဲ့ သုံးပုံတစ်ပုံကိုသာ ရွေးကောက်ပွဲကျင်းပသွားမှာဖြစ်ပြီး မြို့နဲ့အနီးဝန်းကျင် ကျေးရွာအချို့တွေနဲ့ ချင်းတွင်းမြစ်အထက်ပိုင်းဒေသတွေမှာ ပြုလုပ်သွားမှာဖြစ်သလို ကျန်ဒေသများကိုတော့ လုံခြုံရေးအရ ချန်လှပ်ထားမှာဖြစ်တယ်လို့သိရပါတယ်။
ဒီဇင်ဘာလမှာ ဟုမ္မလင်းမြို့နယ်အတွင်း KIA/PDF များနှင့် SNA ၊ စစ်ကော်မရှင်တို့အကြား တိုက်ပွဲဖြစ်ပွားမှု ၅ ကြိမ်ထက်မနည်းရှိနေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
