မြစ်ဆုံစီမံကိန်းမှာ ယခင်ထက် အကျိုးခံစားခွင့် ပိုရရှိမယ်လို့ ဒေသခံတွေ့ဆုံပွဲမှာဆို 

ဝိုင်းမော်မြို့တွင် ပြုလုပ်ခဲ့သည့် မြစ်ဆုံ-မြစ်ညာ စီမံကိန်းအကြောင်း ဆွေးနွေးပွဲ/ Photo_EPN News

မတ် ၂၅ ၊ ဝိုင်းမော် 

ဝိုင်းမော်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ မြစ်ဆုံ-မြစ်ညာ-မြစ်ဝှမ်းစီမံကိန်း  အကောင်အထည်ဖော်မှုနဲ့ ပတ်သက်ပြီး တွေ့ဆုံပွဲမှာ ဒေသခံတွေဟာ ယခင်ကထက် အကျိုးခံစားခွင့် ပိုရရှိမယ်လို့ စီမံကိန်း ကော်မတီတွေက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 

ယခင်က တရုတ်ကုမ္ပဏီ နဲ့ ၊  Asia Wold ကုမ္ပဏီ မှ (၂၀)ရာခိုင်နှုန်းပေးခဲ့ပေမယ့်  ယခု အစိုးရအသစ်လက်ထက်မှာ ဒီထက်မကပိုမိုပေးနိုင်ကြောင်းနဲ့  နစ်နာကြေးများ ပေးတာတွေလည်း ရှိလာလိမ့်မယ်လို့ စီမံကိန်းကော်မတီအဖွဲ့ဝင်တွေက ဆိုပါတယ်။ 

“ ဘယ်လောက် ရမလဲဆိုတာတော့ အဲ့ဒါတော့ထည့်မပြောပဲနဲ့  ၂၀ ရာခိုင်နှုန်းထက် ကျော်ပြီးမှပေးသွားမယ်ဆိုတဲ့အကြောင်းပေါ့”လို့ တက်ရောက်သူ ဝိုင်းမော်မြို့နယ်က တိုင်းလိုင်/ရှမ်းနီစာပေယဉ်ကျေးမှု အဖွဲ့ဝင် တစ်ဦးမှအခုလိုပြောပြပါတယ်။ 

တွေ့ဆုံပွဲကို  မတ်လ ၂၃ ရက်နေ့၊ မနက် ၈ နာရီမှ ၁၁ နာရီကျော်ထိ ပြုလုပ်ခဲ့တာလို့ သိရပြီး ဝိုင်းမော်မြို့ အမှတ်(၃) ရပ်ကွက်၊ လော်ဝေါ်ရိုးရာယဉ်ကျေးမှုကွင်းအတွင်းရှိ ဒူဝါကြီးလဝါးဇောင်းခေါင် အောက်မေ့ဖွယ်ခန်းမမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်သူများမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် စီမံကိန်းကော်မတီဝင်အဖွဲ့များ၊ တိုင်းလိုင်/ရှမ်းနီ စာပေယဉ်ကျေးမှုအဖွဲ့ နဲ့ အနီးအနားရွာက ဒေသခံများတက်ရောက်ခဲ့ပြီး  လူပေါင်း (၄၇၀) နီးပါး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ထိုကော်မတီဝင်တွေက  စီမံကိန်းကို တည်ဆောက်သင့်တဲ့အကြောင်းတွေ ၊ အလုပ်အကိုင်အခွင့်အလမ်းအခြေအနေ၊ နိုင်ငံတကာမှ ရေကာတာကြီးများနဲ့ နိုင်းယှဉ်ပြီး ဒေသခံများနဲ့အမေးအဖြေများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်တစ်ကြောရှိ ရေကြီးရေလျှံမှုကို ကာကွယ်နိုင်ဖို့အတွက်  နည်းပညာမြင့် ဆောက်လုပ်သွားမှာဖြစ် တယ်လို့ သိရပါတယ်။

ဆည်တည်ဆောက်ရာတွင် ငလျင်ပြင်းအား ၈ မဂ္ဂနီကျူ့ ဒဏ်ခံနိုင်ရည်ရှိတဲ့ ပုံစံနဲ့ တည်ဆောက်သွားမှာဖြစ်ပြီး  စီမံကိန်းကာလ ၅ နှစ်မှ ၁၀ နှစ်ခန့်အထိ ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။

မြစ်ဆုံစီမံကိန်းအတွက် ၂၀၂၆ ခုနှစ်အတွင်းမှာ စီမံကိန်းအကောင်အထည်ဖော်မယ့်ကော်မတီတွေဟာ မြစ်ကြီးနားနဲ့ဝိုင်းမော်က ဒေသခံများ ၊ အရပ်ဘက်အဖွဲ့အစည်းများ ၊ စာပေနဲ့ယဉ်ကျေးမှုအဖွဲ့များ ၊ တိုင်းရင်းသားရပ်မိရပ်ဖများကို မကြာခဏတွေ့ဆုံမှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *