ရှစ်လေးလုံး အရေးတော်ပုံ ၃၇ နှစ်ပြည့်လာ 

ရှစ်လေးလုံး အရေးတော်ပုံ ၃၇ နှစ်ပြည့်လာ 

လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေအကြား ပိုအားကောင်းတဲ့ စုစည်းမှု အမြန်တည်ဆောက်ဖို့လို ဟု ကျောင်းသားတပ်မတော်ဆို 

ဩဂုတ် ၈ ၊ မဲဆောက် 

၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံဟာ ၃၇ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ဒီနေ့မှာဘဲ ABSDF ကျောင်းသားတပ်မတော်က လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေစုစည်းမှု အမြန်ဆုံးတည်ဆောက်ဖို့ လိုအပ်နေပြီလို့ တိုက်တွန်းလာပါတယ်။ 

ရှစ်လေးလုံး ဒီိမိုကရေစီအရေးတော်ပုံကနေ လက်ဆင့်ကမ်းအဆက်အဖြစ် နွေဦးတော်လှန်ရေးမှ သန္ဓေတည်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို ABSDF က ကြိုဆိုတယ်လို့ဆိုပါတယ်။ 

လက်ရှိမှာ မြန်မာနိုင်ငံဟာ အထွေအထွေအကြပ်အတည်းတွေဆီကို ရောက်ရှိနေကာ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာ ၊ နိုင်ငံစီးပွားရေး အဆိုးဆုံးအခြေအနေနဲ့ ဆင်းရဲမွဲတေမှု ၃၂ ရာခိုင်နှုန်းအထိ မြင့်တက်လာနေတဲ့ အခြေအနေလို့ ABSDF က ဆိုပါတယ်။ 

ဒီလို အကြပ်အတည်းတွေဆီကနေ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပပျောက်ရေးအတွက် လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တော်လှန်ရေးကို အရှိန်မြှင့်ဖို့ကလွှဲပြီး တခြားမရှိဘူးလို့လည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ 

စစ်တပ် အပါအဝင် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၊​နိုင်ငံရေးပါတီတချို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဟန်ပြလုပ်ဆောင်လာနေတယ်လို့ပြောဆိုထားပါတယ်။

ဒါ့အပြင် မကြာခင်ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်မည့် နည်းလမ်းမဟုတ်သလို ဖြစ်လာနိုင်မည့် ရလဒ်တွေဟာလည်း နိုင်ငံအတွက် အခြေအနေဆိုးတစ်ရပ်ကိုသာ တွန်းပို့နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ကျောင်းသားတပ်မတော် ABSDF ဟာ ၈၈၈၈ အရေးတော်ပုံကနေ မွေးဖွားလာခဲ့တဲ့ လက်နက်ကိုင်တပ်တစ်ခုဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားတဲ့ တပ်ဖြစ်သလို ၂၀၂၁ ခုနှစ် အရေးတော်ပုံက တိုက်ပွဲမှာလည်း တော်လှန်ရေး လက်နက်ကိုင်တပ်တွေနဲ့ ပူးတွဲပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *