သုံးနှစ်အတွင်း ကျားဖြန့်လုပ်ငန်းခွင်မှာ နိုင်ငံခြားသား ခုနှစ်သောင်းကျော်ဖမ်းဆီးရမိထား 

ဇွန် ၃ ၊ လားရှိူး

မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ ဒီနှစ် ဇွန်လအထိ  သုံးနှစ်အတွင်းမှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းခွင်တွေအတွင်း ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသား ခုနှစ်သောင်းနှစ်ထောင်ကျော်ရှိတယ်လို့ ပြည်ထဲရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ 

အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစား နဲ့ အဲ့ဒီလုပ်ငန်းတွေနဲ့ ပတ်သက်သူ ခုနှစ်သောင်းကျော်ကို ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ဖမ်းဆီးရမိခဲ့တာပါ။ 

အဲ့ထဲက ရှမ်းပြည်နယ် နယ်စပ်ဒေသတွေဆီကနေ ငါးသောင်းခြောက်ထောင်ကျော်နဲ့  ကရင်ပြည်နယ်အတွင်း ဖမ်းဆီးရမိသူ တစ်သောင်းခြောက်ထောင်ကျော်ကို သက်ဆိုင်ရာနိုင်ငံတွေဆီကို ပြန်လွှဲပြောင်းပေးပို့ခဲ့တယ်လို့ဆိုပါတယ်။ 

လက်ရှိ ကျားဖြန့်လုပ်ငန်းနဲ့ဆက်စပ်ပြီးဖမ်းဆီးထားတဲ့ နိုင်ငံခြားသား တစ်ထောင်ကျော်သာ သက်ဆိုင်ရာနိုင်ငံတွေဆီကိုလွှဲပြောင်းပေးဖို့ကျန်နေတယ်လို့ သိရပါတယ်။

ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ဖမ်းဆီးကာ အမှုဖွင့် အရေးယူထားသူ ၃ နှစ်အတွင်းမှာ   မြန်မာနိုင်ငံသား ထောင့်ခုနှစ်ရာကျော်နဲ့ နိုင်ငံခြားသား တစ်ထောင်ကျော်ရှိနေတာလည်းဖြစ်ပါတယ်။ 

ကျားဖြန့်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ဒီနေ့မှာပဲ အမျိုးသား လွှတ်တော်ကနေ ထောင်ဒဏ်နဲ့ သေဒဏ်အထိချမှတ်နိုင်တဲ့ ဥပဒေကြမ်းတစ်ခုကို ပြည်ထဲရေးဝန်ကြီးဌာနက အဆိုတင်သွင်းနေတာလည်းဖြစ်ပါတယ်။ 

မေလလက ဥပဒေကြမ်းကို ကြေညာခဲ့ပြီး အကြံပြုချက်တွေကိုရယူပြီးနောက် ဒီနေ့မှာပဲ ဥပဒေမူကြမ်းကို ပြန်လည် ပြင်ဆင်ပြီး  ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အဆိုတင်သွင်းနေတာလည်းဖြစ်ပါတယ်။ 

ညီနောင်မဟာမိတ်တပ်များရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလနောက်ပိုင်းမှာ  စစ်ကောင်စီက “ကျားဖြန့်” အွန်လိုင်းလိမ်လည်မှု နဲ့  လောင်းကစားကွန်ရက်များ နှိမ်နင်းရေးလုပ်ငန်း ဖမ်းဆီးအရေးယူမှုကို စတင်လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *