
မေ ၁၉ ၊ ရန်ကုန်
အမေရိကန် – အီရန် စစ်ပွဲဖြစ်ပွားတဲ့ ဖေဖော်ဝါရီလနှောင်းပိုင်းကစလို့ မြန်မာနိုင်ငံတဝန်းမှာ အခြေခံကုန်စျေးနှုန်းတွေဟာ ပျှမ်းမျှ ၁၈ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့တယ်လို့ ကုလသမဂ္ဂက မနေ့ညမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းအကျပ်အတည်းကြောင့် မြန်မာ့စားနပ်ရိက္ခာအခက်အခဲ ပိုမိုဆိုးရွားလာကာ စားသောက်ကုန်နဲ့ စက်သုံးဆီစျေးနှုန်းတွေဟာ အဆမတန်မြင့်တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ အဆိုအရ မကွေးတိုင်းမှာ အခြေခံစားသောက်ကုန်စျေးနှုန်း ၃၈ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်မှာ ၃၂ ရာခိုင်နှုန်း ရခိုင်မှာ ၃၁ ရာခိုင်နှုန်းအထိ မြင့်တက်နေတာပါ။
မြန်မာနိုင်ငံတဝန်းမှာလည်း လူဦးရေ ၁၂.၄ သန်း ဟာ ဆာလောင်မွတ်သိပ်မှုဒဏ်ကိုရင်ဆိုင်နေရပြီး လူဦးရေ လေးသန်းနီးပါးလည်း စစ်ဘေးတိမ်းရှောင်နေကြရတာပါ။
“ ကမ္ဘာလုံးဆိုင်ရာလောင်စာဈေးနှုန်းတွေ မြင့်တက်လာနေချိန်မှာ နဂိုတည်းက ရုန်းကန်နေကြရတဲ့ သန်းနဲ့ချီတဲ့ပြည်သူတွေအနေနဲ့ အခြေခံလိုအပ်ချက်တွေကိုတောင် လက်လှမ်းမီနိုင်ဖို့ ပို ပိုပြီး ခက်ခဲလာပါတယ်” ဟု မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်များကို ကြီးကြပ်နေသူ Ms. Jessica Chaix က ဆိုပါတယ်။
မြန်မာ့စားနပ်ရိက္ခာအခက်အခဲကိုဖြေရှင်းဖို့အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP မှ တဆင့် EU က ယူရို ၈ သန်းကူညီလိုက်ပြီဖြစ်တယ်လို့ မနေ့က ထုတ်ပြန်ကြေညာပါတယ်။
စားနပ်ရိက္ခာအကြပ်အတည်းတွေဟာ ပြည်တွင်းပဋိပက္ခတွေ နဲ့ လောင်စာပြတ်လပ်မှုတွေကြောင့် ပိုဆိုးရွားလာစေပြီး စိုက်ပျိုးရေးကဏ္ဍတွေလည်း ခြိမ်းခြောက်ခံနေရပါတယ်။
အခုရက်ပိုင်းမှာ စိုက်ပျိုးရေးအတွက်လိုအပ်တဲ့ ဓာတ်မြေဩဇာစျေးနှုန်းတွေဟာ ထက်ဝက်ကျော်မြင့်တက်လာနေသလို အကန့်အသတ်တွေရှိနေတာကြောင့် လျော့ချသုံးစွဲမှုတွေရှိလာနေတယ်လို့ ကုလသမဂ္ဂက ဆိုထားပါတယ်။
မြေဩဇာကို ၅၀ ရာခိုင်နှုန်းအထိ လျော့ချသုံးစွဲမယ်ဆိုရင် စိုက်ပျိုးမှုထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ပြီး ၂၀၂၇ ခုနှစ်မှာ စားနပ်ရိက္ခာ အကျပ်အတည်းပိုဆိုးလာစေမယ်လို့ ခန့်မှန်းထားပါတယ်။
