ကန့်ကွက်မှု စိုးရိမ်စိတ်တွေမြင့်တက်နေတဲ့ နမ့်ပငါးရေအားလျှပ်စစ်စီမံကိန်း

နမ့်ပငါးချောင်းကို နားသကျိုက်ကျေးရွာမှာ တွေ့ရစဉ်

“ ရွာထိပ်ကဆိုပါသွားတာလေအိမ်တွေ ။  အခုဆောက်ထားတဲ့ တံတားတောင်မှ ပြိုနိုင်တဲ့ အဆင့်ရှိတယ်။ ဧကပေါင်းမြောက်များစွာ အခင်းတွေ မလုပ်ရတော့ဘူးလေ။ အဲ့ဒီတုန်းက မီးတွေရှို့ပစ် ထင်းတွေခွဲ အုပ်စုအလိုက် တစ်ခြားလူတွေကလည်း လာယူကြ တိုက်လို့တောင်မှ သုံး/လေးနှစ်တောင် ကုန်အောင် လုပ်ယူရတာ အခုတောင်မှ တစ်ချို့တွေကကျန်နေသေးတယ်။” ဟု ၂၀၁၅ စတင်ဘာလတွင် နမ်ပန်ငါးချောင်းမှ တောင်ပျို၊ကမ်းပျိုဖြစ်ပွားခဲ့သည့်အချိန်က အဖြစ်အပျက်ကို ခတောင်ပွင့် ကျေးရွာအုပ်ချုပ်ရေမှူး ဦးတင်မောင်ကပြန်လည်ပြောပြနေသည်။ 

အဆိုပါ နမ်ပန်ငါးချောင်း အနီးဝန်းကျင်တွင် ကျေးရွာပေါင်း (၁၂)ရွာရှိပြီး ချင်းတွင်းမြစ်နှင် ဥရုမြစ်တို့ ရေကြီးရေလျှံခြင်း၊  အဆိုပါချောင်းမှ ရေကြီးရေလျှံခြင်းကြောင့် ကျေးရွာအများစုသည် ရေလွှမ်းမိုးမှုဖြစ်ပွားကာ လမ်းပန်းဆက်သွယ်မှုများ နေထိုင်စားသောက်မှုများ စသည့်အခက်ခဲများ ကြုံတွေ့ခဲ့ရသည်များကိုလည်း ဦးတင်မောင်ကပြောပါသည်။

“ဒီထက် ရေကြီးတဲ့နှစ်တွေကလည်း ရှိတာပေါ့ ဒါပေမဲ့ ၂၀၁၅တုန်းကလို တော်ပြိုကမ်းပြိုလာတာ ကျွဲ၊နွားဆို အတော်လေးသေကြတယ်။ တစ်ချို့အိမ်တွေဆို မြုပ်တယ်လေ ခေါင်တွေကနေ တောင်ဖောက်ထွက်သွားတယ်။” ဟု ဆက်ပြောသည်။

နံပန်ငါးချောင်းသည် မိုးရာသီအချိန်တွင် မကြာခဏ ရေကြီးရေလျှံဖြစ်တတ်ပြီး ၂၀၁၅ခုနှစ် အတွင်း ဖြစ်ပွားသော ရေကြီးရေလျှံမှုမှာ  အိမ်ခြေသုံးရာကျော်ရှိသည့် ခတောင်ပွင့်ရွာသည် အိမ်ခြေနှစ်ဆယ်ကျော်သာ လွတ်ကင်းခဲ့ကြောင်းကိုလည်း ၎င်းကဆက်ပြောသည်။

တိုင်းအစိုးရ၏ ရံပုံငွေဖြင့် နမ်ပန်ငါးချောင်း၌ ရေအားလျှပ်စစ်ဆောက်လုပ်ရန်စီမံကိန်းကို ၂၀၁၇ခုနှစ်တွင် စတင်ခဲ့ပြီး ဒေသခံပြည်သူများသည် ကျေးရွာများ၊ ပတ်ဝန်းကျင်များထိခိုက်ပျက်စီးမည်ကို စိုးရိမ်သဖြင့်  အဆိုပါစီမံကိန်းအား ပယ်ဖျက်ပေးရန် ဆန္ဒထုတ်ဖော်မှု၊ ကန့်ကွက်မှုများလည်း ပြုလုပ်ခဲ့ကြသည်။

“ သူတို့ ဆောက်မယ်ဆိုရင် ဒီချောင်းက တစ်ခြားချောင်းတွေနဲ့ မတူဘူး မိုးတွင်းကျရင်မျှောလာတဲ့ တုံးတွေက အကြီးကြီးတွေ အရှည်ကြီးတွေဆိုတော့  သူတို့ ဘယ်လိုနည်းနဲ့မှ ကာကွယ်နိုင်မှာမဟုတ်ဘူး  အဲ့ဒီတုံးတွေကို အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့က စိုးရိမ်လို့ ကန့်ကွက်ကြတာ။” အဆိုပါရေအားလျှပ်စစ်စီမံကိန်းအား ကန့်ကွက်မှုတွင် ဦးဆောင်သူ တစ်ယောက်ဖြစ်သူ ဦးမောင်သောင်းကပြောသည်။

အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းနှင့်ပတ်သက်ပြီး မတ်လ(၅)ရက်နေ့တွင် တိုင်းဒေသကြီး အစိုးရမှ စေလွှတ်သော ပညာရှင်များသည် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ထိုတမံသည် (၆)မီဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ကွန်ကရစ်တမံ အမျိုးအစားဖြစ်သောကြောင့်  လူနေအိမ်များနှင့် ပတ်ဝန်းကျင်များတွင် ထိခိုက်မှုမရှိနိုင်ဟု ရှင်းပြခဲ့ကြောင်းသိရသည်။

ဆည်များတည်ဆောက်ရာတွင် အခြေခံအားဖြင့် တည်ဆောက်မှုများမပြုလုပ်မီ  မိုးလေဝသနှင့် ဇလဗေဒတို့၏ အချက်အလက်များ ဆည်တည်ဆောက်ရာတွင် မြေသားများ ကျောက်များ၏ ခိုင်ခံ့မှုများနှင့် ငလျင်နှုန်းများ စသည့် အချက်အလက်များကို ထည့်သွင်းတွက်ချက်ရန် အရေးကြီးကြောင်း ပညာရှင်များ အဆိုအရ သိရပါသည်။

အဆိုပါဆည်တည်ဆောက်မည့်နေရာများသည့် မြန်မာနိုင်ငံပြင်းအားမြင့် ငလျင်လှုပ်ခတ်နိုင်သည့် ဧရိယာတွင် တည်ရှိနေသည်။

“ (၆) မီဂါဝပ်ဆိုရင် ဟုမ္မလင်းမြို့တစ်ခုလုံးကောင်းကောင်းလုံလောက်တယ်။ ပြီးတော့ အလတ်စားရေ အားလျှပ်စစ်စီမံကိန်းဖြစ်သွားပြီ၊ အသေးစားဆိုရင် (၁) မီကာဝပ် ၊ အဲ့ထက်နည်းတဲ့ဟာ ၊ အသုံးပြုမယ့်စက် အမျိုးအစားပေါ်မူတည်တာပေါ့ (၃) မီဂါဝပ်နှစ်လုံးလား ၊ တစ်လုံးတည်းလားဆိုတာ ။ တစ်လုံးတည်းဆိုရင်တော့ရေထု များများလိုမယ်။ ငလျင်ကအဲ့လောက်လည်းကြောက်စရာမလိုဘူး ။ ချောက်လျှိုချောက်ကြားဆိုရင်တော့ ရေကိုလှောင်မှာမဟုတ်ဘူး။” လျှပ်စစ်အင်ဂျင်နီယာ ကိုယဉ်ဝင်းထွန်းကဆိုသည်။ 

ရဲရွာရေအားလျှပ်စစ်သည် ရေကိုလိုအပ်သည့်ပမာဏမျှသာလှောင်ထားပြီး လျှပ်စစ်ထုတ်လုပ်ပြီး တဖန်းဆိပ်ရေလှောင်တမံသည် စိုက်ပျိုးရေးအတွက် အဓိကထားသောကြောင့် ရေပမာဏကိုသိုလှောင်ပြီး လျှပ်စစ်ကို ကြားညှပ်ထုတ်လုပ်ခြင်းသာဖြစ်သည်။ 

အဆိုပါတည်ဆောက်မည့် ဒီဇိုင်းအတိအကျကိုတော့ မသိရှိသေးပေ။ 

ဦးတင်မောင်က‌ “ ပညာရှင်တွေကလာပြီးတော့မှ အန္တရာယ်မရှိကြောင်းတော့ ရှင်းပြတာပေါ့ ဒီက ပြည်သူတွေကလည်း စိုးရိမ်မှု အများကြီးရှိတာပေါ့နော တခါတလေ တောင်ပြို ကမ်းပြိုပြီး အသိုက်တို့ သစ်မြစ်တို့ မျှောလာတာတို့ အဲ့ဒါကို ကြောက်ကြတာပေါ့ ။”ဟု တစ်ချိန်က ကြုံတွေ့ခဲ့သော အဖြစ်ဆိုးမျိုး ထပ်ကြုံရမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်းပြောသည်။

ရေအားလျှပ်စစ်ဆောက်လုပ်မည့် အဆိုပါချောင်းသည် ၎င်းတို့ သွားရောက်လေ့လာခဲ့သည့် ရဲရွာဆည်၊ ပေါင်းလောင်းဆည်တို့နှင့်မတူဘဲ ရေစီးသန်ခြင်း၊ မြေသားခိုင်ခန့်မှုမရှိခြင်း၊ မိုးများသောဒေသဖြစ်ခြင်းတို့ကြောင့် ဆောက်လုပ်ရန် မည်သို့ပင် မဖြစ်နိုင်ကြောင်း ဦးမောင်သောင်းက ဆက်လက်ပြောကြားသည်။    

နမ်ပန်ငါးချောင်းအား မှီခိုနေထိုင်နေကြသော ကျေးရွာပေါင်း (၁၂)ရွာ၏ လူမှုဘဝ၊ အကျိုးစီးပွားများ၊ အသက်၊ အိုးအိမ်များ ပျက်စီးဆုံးရှုံးမည်ကို စိုးရိမ်သဖြင့် စီမံကိန်းအား ရပ်တန့်ပေးရန်သက်ဆိုင်ရာ ဌာနသို့ အကြိမ်ကြိမ် ကန့်ကွက်စာများ တင်ပို့ခဲ့ပြီး ၂၀၁၉ခုနှစ်တွင်လည်း ဆန္ဒပြ ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အကောင်ထည်ဖော် ဆောင်ရွက်ကာ တိုင်းဒေသကြီးအစိုးရရံပုံငွေ ကျပ် (၂၄) မီလီယံ အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။

“ ဒီနမ့်ပန်ငါး ရေအားလျှပ်စစ်က အသေးစား ရေအားလျှပ်စစ်ပါ။ ကျွန်တော်တို့ အစိုးရအနနဲ့ကလည်း ပြည်သူတွေကို ဒုက္ခရောက်မဲ့ စီမံကိန်းမျိုးကိုတော့ ဘယ်တော့မှ မလုပ်ဘူးလို့ ယုံကြည်တယ်။ ကျွန်တော်လည်း အကြောင်းမသိခင်တုန်းကတော့ စိုးရိမ်တာပေါ့ ရေအားလျှပ်စစ် လုပ်မှာတည်းကိုက ရေလွှဲတွေ ရေထိန်းတွေပါတယ်။ အသေးစားလည်းဖြစ်တယ်ဆိုတော့ ဒီစနှစ်ကိုသိရင် စိုးရိမ်မှုတော့ လျော့သွားမှာပါ။ ဒေသခံတွေ စိုးရိမ်တာလဲ စိုးရိမ်သင့်ပါတယ်။ မကြုံဘူးတော့လေ။ သူတို့စိုးရိမ်တာလည်း ကျွန်တော်တို့က မလွန်ဘူးလို့တော့ထင်ပါတယ်။ အခုတက်နေတဲ့ အစိုးရကို ယုံကြည်ပေးပါလို့ပြောချင်ပါတယ်။” ဟု ဟုမ္မလင်းမြို့ နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က ဆိုသည်။ 

ဒေသခံပြည်သူတို့၏ ကန့်ကွက်မှုများ ရှိနေသော်လည်း စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းသည် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၃၊ ၂၀၁၉တွင် eleven သတင်း၏ ဖော်ပြချက်အရသိရသည်။

“ဒေသခံတွေက သဘောမတူးဘူးဆိုတာလဲ သူတို့သိပါတယ်။ ရွာတွေပြောင်းရမယ်ရွေ့ရမယ်ဆိုရင်လည်း ဒေသခံ တွေက မ  ပြောင်းချင်ကြဘူးလေ။ သင်ခန်းစာယူစရာလည်း ရွှေပြည်အေးမြို့ကိုထောက်ပြတယ်လေ။” ဟု ဦးမောင်သောင်းကပြောသည်။ 

ရွှေပြည်အေးမြို့သည် ထမံသီရေအားလျှပ်စစ်စီမံကိန်း ရေဝပ်ဧရိယာအတွင်း ကျရောက်နေသည့် ကျေးရွာများကို ဟုမ္မလင်းမြို့နယ် လောင်းမင်းဒေသအနီးသို့ ပြောင်းရွှေ့ကာ ၂၀၁၅-၀၆ခုနှစ်တွင် မြို့အသစ် တည်ထောင်ပေးခဲ့ ခြင်း  ဖြစ်သည်။

“ တကယ်လို့ မီးရခဲ့လို့ရှိရင်တောင် ဒီမှာက တောင်သူတခုတည်း လုပ်စားကြတာ၊ မီးနဲ့ လုပ်ရမဲ့ စီးပွားရေးအလုပ်မျိုးမရှိဘူး စိုက်ပျိုးတဲ့ အလုပ်ကိုပဲ လုပ်ကြတာပါ။ သုံးမယ်ဆိုလည်း ထမင်းချက် ဟင်းချက်လောက်ပဲရှိမယ်” ဟု ဦးတင်မောင်ကဆိုသည်။

နမ်ပန်ငါးချောင်းတွင် မီခိုနေသော ကျေးရွာပေါင်း(၁၂)ရွာမှ အိမ်ခြေတစ်ထောင်ကျော် ရှိသည့်ဒေသခံများ သည် စီမံကိန်းအပေါ် လက်ခံသူ အချို့ရှိပြီး အများစုမှာ လုံးဝလက်မခံနိုင်ကြသဖြင့် ဆက်လက် ကန့်ကွက် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း ဦးမောင်သောင်းကပြောသည်။

“ ဒီမှာက မဟာဓာတ်အားလိုင်းကို မျှော်ဖို့ကလည်း မလွယ်တော့လေ ။ ဒီဘက်ခေတ်မှာ အရေးကြီးဆုံးပဲ။ အိုင်ဒီခေတ်မှာ လျှပ်စစ်မရှိရင် ဘာမှလုပ်လို့မရတာကို တကယ်တော့ လျှပ်စစ်ကို ကျွန်တော်တို့ဘက်မှာ ရချင်တယ်။ ဒါလေးကို ဖြစ်စေချင်တာပေါ့။” ဟု ဦးမျိုးညွှန့်က ပြောဆိုသည်။ 

အဆိုပါ နမ့်ပန်ငါးရေအားလျှပ်စစ်စီမံကိန်းကို ကန့်ကွက်သူများရှိနေသကဲ့သို့ ထောက်ခံသူများ လည်းရှိနေဆဲပင်ဖြစ်သည်။ 


Leave a Reply

Your email address will not be published. Required fields are marked *