
မတ်လ ၁၃၊ တမူးမြို့နယ်
လျှော်ကြေးပေးရန်(သို့) နယ်မြေပြန်ပေးဖို့ မဏိပူရ်ပြည်ရဲ့ တောင်းဆိုမှုဟာ အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားစေတယ် လို့စစ်ကောင်စီက မနေ့ မတ်လ(၁၂)ရက်နေ့မှာ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
မတ်လ ၁၀ ရက်နေ့ အိန္ဒိယ အထက်လွှတ်တော်အစည်းဝေးမှာ ပါလီမန်လွှတ်တော်အမတ်တစ်ဦးက ကဘော်ချိုင့်ဝှမ်းဒေသနှင့်ပတ်သက်ပြီး ယခင်ဆိုင်းငံ့ခဲ့တဲ့လျော်ကြေးငွေကို ပြန်လည်ပေးချေစေဖို့ သို့မဟုတ် ဒီကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရ်ပြည်နယ်ထဲ ပြန်လည်ထည့်သွင်းပေးဖို့ တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းကိစ္စနှင့်ပတ်သက်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးအားပျက်ပြားစေမယ့်အရာမျိုးတွေကို ရှောင်ကြည်ဖို့တုံ့ပြန်သတိပေးလိုက်ပါတယ်။
ကဘော်ချိုင့်ဝှမ်းနှင့်ပတ်သက်ပြီး ” အိန္ဒိယနိုင်ငံမှာနေတဲ့ တစ်ချို့သောနိုင်ငံရေးသမားတွေအနေနဲ့ မိမိတို့ရဲ့ နိုင်ငံတစ်ခုတည်းကိုပဲကြည့်ပြီး နှစ်နိုင်ငံဆက်ဆံရေးကိုပျက်ပြားအောင် မလုပ်သင့်ဘူး” လို့ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာကနေ တုံ့ပြန်ပြောဆိုထားတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်အကြား ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး မိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ကြောင်း ပြောဆိုထားပါတယ်။
“မြန်မာနှင့် အိန္ဒိယဆိုတာ မိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ပါတယ်။ အိန္ဒိယနှင့် အက်သစ်ပေါ်လစီတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ အိန္ဒိယမြေကိုအသုံးပြုပြီး မြန်မာပြည်ကိုဆန့်ကျင်တဲ့အုပ်စုများကိုမလိုလားသလို မြန်မာမြေကိုအသုံးပြုပြီး အိန္ဒိယအစိုးရကိုဆန့်ကျင်နေတဲ့ အုပ်စုများကိုလည်း လက်မခံထားပါဘူး။” လို့ ပြောဆိုထားပါတယ်။
ဒါပေမယ့် ယခုလတွင်း အိန္ဒိယဘက်ကတော့ ချင်းဒေသအချို့ မီဇိုရမ်ဘက်ပူးပေါင်းဖို့ပြောဆိုမှုတွေရှိနေသလို မဏိပူရ်ဘက်ကတော့ ၎င်းကဘော်ချိုင့်ဝှမ်းဒေသ ပြန်တောင်းယူရေး တောင်းဆိုမှုတွေ ရှိလာနေတာပါ။
ကဘော်ချိုင့်ဝှမ်းဒေသအတွင်းမှာ ကသည်း ၊ ချင်း ၊ ရှမ်းနီ ၊ နာဂ နဲ့ ကနန်လူမျိုးတွေ နေထိုင်ကြပြီး အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဒေသတွေလည်းဖြစ်ပါတယ်။