ကသာမြို့အတွင်း ဖြန့်ဝေသည့်စာ SNA မှ လုပ်ဆောင်ခဲ့ခြင်းမရှိဟုဆို

ဒီဇင်ဘာ ၂၀ ၊​ ကသာ 

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့အတွင်း ဝါဒဖြန့်စာများ လိုက်လံဖြန့်ဝေနေတဲ့  စာရွက်တွေဟာ  SNA မှလုပ်ဆောင်ခြင်း မရှိခဲ့ဘူးလို့ စုံစမ်းသိရှိပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ စတင်ပျံ့နှံ့တဲ့ စာရွက်ကို ကိုးကားပြီး သတင်းမီဒီယာတချို့က ထပ်ဆင့်ဖော်ပြခဲ့ကြသလို စစ်ကောင်စီ ထောက်ခံသူများကလည်း ထပ်ဆင့်မျှဝေမှုများပြုလုပ်ခဲ့ကြပါတယ်။

ကသာမြို့နယ်အတွင်းမှာ SNA အနေဖြင့် လက်ရှိအချိန်ထိ ဝင်ရောက်ခြင်း မရှိသေးဘဲ မြို့နယ်အတွင်းမှာ  KIA+PDF ပူးပေါင်းတပ်ဖွဲ့များ နှင့်  စစ်ကောင်စီတပ်ဖွဲ့များသာ ရှိနေတာလည်းဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရပါတယ်။

လက်ရှိ ထွက်ပေါ်လာတဲ့ စာရွက်တွေဟာ  SNA နှင့် လူထုကို ရန်တိုက်ပေးတဲ့ လုပ်ရပ်ဖြစ်တယ်လို့ SNA ရဲ့ ပြောရေးဆိုခွင့်ရှိသူက တုန့်ပြန်ပါတယ်။ 

လူထုတွေကို SNA က ဒီမိုကရေစီ မလိုလားဘူးပေါ့ နောက်တစ်ခါ ရှမ်းနီနယ်တွေကို ထိုးစစ်ဆင်ဖို့အတွက် တမင်သက်သက် ရှမ်းနီတွေဟာ စကစ လူဖြစ်တယ် ဒါကြောင့်တိုက်ရပါတယ်ပေါ့ ရှမ်းနီဆိုတာ တိုင်းရင်းသား လူမျိုးတစ်မျိုးဖြစ်တော့ ရိုးရိုးထိုးစစ်ဆင်ရင် KIA တွေက ရှမ်းနီဒေသ တွေကို နယ်ချဲ့ပါတယ်ဆိုတဲ့ သမိုင်း ကျန်ခဲ့မှာလေ။  အခုလိုစာဖြန့်တော့ ရှမ်းနီက အရင်စကစနဲ့ပေါင်းပြီ ရန်စတယ်ပေါ့ အဲ့ပုံစံမျိုးဖြစ်အောင် တမင်ဖန်တီးသာလို့ပဲမြင်တယ် ” လို့  ဝါဒဖြန့်စာနဲ့ ပတ်သက်ပြီး SNA က ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က ရိုက်ကူးထားပြီး တစ်လနီးပါးအကြာမှာ ပြန့်နှံ့လာတဲ့ ဝါဒဖြန့်စာထဲမှာ  SNA က NUG ကို အယုံအကြည်မရှိကြောင်းနဲ့  KIA+PDF တပ်ဖွဲ့ကို မိတ်ဆွေဖွဲ့ရေးစဉ်းစားမှာ မဟုတ်တဲ့အကြောင်း  ရှမ်းနီတိုင်းရင်းသားရုပ်ပုံ၊ ပန်းချီ နှင့် SNA တပ်သားပုံတွေနဲ့ ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။ 

ကသာမြို့ဟာ လက်ရှိ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေ မြို့သိမ်းတိုက်ပွဲဆင်နွဲကာ  တိုက်ပွဲရပ်တန့်နေတဲ့ အင်းတော်မြို့ နှင့် ထီးချိုင့် မြို့တို့နှင့် မိုင်အနည်းငယ်အကွာမှာ ရှိနေတဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *