

ဧပြီ ၁ ၊ မန္တလေး
စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို စိတ်ရင်းအမှန်နဲ့ ဂုဏ်ပြုကြောင်း’ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)က မတ်လ(၃၀)ရက်နေ့မှာ ဂုဏ်ပြုလွှာပေးပို့ခဲ့ပါတယ်။
၎င်းတို့ တပ်ဖွဲ့အပြင် ‘ဝ’ဒေသက ပြည်သူများ၊အစိုးရ နဲ့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီကော်မတီရဲ့ ဗဟိုကော်မတီများအားလုံးက ကာချုပ်အသစ်ကို နွေးထွေးစွာဂုဏ်ပြုတယ်လို့ ထုတ်ပြန်ချက်ထဲ ဆိုထားပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး အားကောင်းလာမယ်လို့ ယုံကြည်ကြောင်း ဖြည့်စွက်ပြောထားတာပါ။
မိုင်းလားတပ်ဖွဲ့ဖြစ်တဲ့ NDAAကလည်း အထူးဒေသ (၄) ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်ရေးကော်မတီ နဲ့ ဒေသခံ တိုင်းရင်းသားပြည်သူအားလုံး ဂုဏ်ယူကြောင်း သဝဏ်လွှာကို မတ်လ ၃၀ ရက်နေ့မှာ ပေးပို့ခဲ့တာလည်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို မတ်လ(၃၀)ရက်နေ့မှာပဲ ကာကွယ်ရေးဦးစီးချုပ်အသစ်အဖြစ် ကာချုပ်ဟောင်းဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရာထူးလွှဲပြောင်းပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၁၅)နှစ်ကြာ တာဝန်ယူခဲ့ပြီး ယခုကာချုပ်အသစ်က (၁၁)ဦးမြောက်ဖြစ်သလို သူက ဒီမတိုင်ခင် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။
သူက (ကြည်း)ဗိုလ်သင်တန်းကျောင်း အမှတ်စဉ်(၇၇)ဆင်းတဲ့ အရာရှိတစ်ဦးဖြစ်ပြီး (၂၀၂၄)ခုနှစ်မှာ ဗိုလ်ချုပ်ကြီးအဆင့်ရာထူးကို ရရှိခဲ့သူဖြစ်ပါတယ်။
‘ဝ’တပ်ဖွဲ့ဟာ မဟာမိတ်တပ်ဖွဲ့များ(MNDAA၊ TNLA၊ AA)ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တိုက်ရိုက်ပါဝင်ခြင်းမရှိပေမယ့် လက်နက်ရောင်းချထောက်ပံ့မှုများရှိခဲ့သလို စစ်ဆင်ရေးကနေ သိမ်းပိုက်ရရှိခဲ့တဲ့နယ်မြေများကို ကြားဝင်ညှိနှိုင်းပေးခြင်းနဲ့ စစ်ကော်မရှင်ထံပြန်လည်လွှဲပြောင်းပေးမှုများ ပြုလုပ်ခဲ့ပါတယ်။
UWSAက တရုတ်ရဲ့ထောက်ပံ့မှုရရှိထားတဲ့ အားကောင်းတဲ့တပ်ဖွဲ့တစ်ခုလည်းဖြစ်ပြီး လက်နက်ကိုင်သက်တမ်း(၅၅)နှစ်ရှိပြီဖြစ်သလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိထားတာ(၃၂)နှစ်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။
