ကာလရှည်ကြာပိတ်ခံထားရတဲ့ ကုန်တင်စက်လှေ ရာနှင့်ချီ ဟုမ္မလင်းထဲဆိုက်ကပ် 

ဖေဖော်ဝါရီ ၁၉ ၊ ဟုမ္မလင်း 

ချင်းတွင်းမြစ်ကြောင်းအသုံးပြုပြီး ကုန်ပစ္စည်းသယ်ယူနေတဲ့ စက်လှေတွေဟာ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ကန့်သတ်ပိတ်ပင်မှုတွေ မကြာခဏရှိခဲ့ပြီး   ၂၀၂၄ ခုနှစ်ကစလို့ ဟုမ္မလင်းမြို့အထိ ကုန်ပစ္စည်းသယ်ယူမှုတွေကို ပိတ်ပင်လိုက်ခံလိုက်ရပါတယ်။ 

အခု စက်လှ ၄၀၀ လောက် ဟုမ္မလင်းကို ဆိုက်ကပ်လာတယ်။ ကုန်ပစ္စည်းတွေ ၊ စက်သုံးဆီတွေပါတယ်။ တခြားပစ္စည်းတွေလည်းပါသေးတယ်”​လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

မုံရွာမြို့ကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း သယ်ယူတဲ့ ပစ္စည်းတွေကို NUG ထိန်းချုပ်ထားတဲ့ ရွှေပြည်အေးမြို့အနီးမှာ ကာလရှည်ကြာစွာ ပိတ်ပင်ထားခဲ့တာလည်းဖြစ်ပါတယ်။ 

အခုလက်ရှိ ပိတ်ထားတဲ့ စက်လှေတွေကို ပြန်ဖွင့်ပေးခဲ့တဲ့အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။ 

ပိတ်ခံထားရတဲ့ စက်လှေတွေမှာ ဟုမ္မလင်းမြို့အတွက် အဓိကသုံးတဲ့ စက်သုံးဆီ၊ ဘိလပ်မြေများ၊  ဆေးဝါး နှင့် လူအသုံးအဆောင်ပစ္စည်းများ၊ အခြေခံစားသောက်ကုန်များ နှင့် လျှပ်စစ်ပစ္စည်းတို့ဖြစ်တယ်လို့ သိရပါတယ်။ 

ရေလမ်းပိတ်ပင်ခံထားရတာကြောင့် ၂၀၂၄ ခုနှစ် မေလမှစပြီး ဟုမ္မလင်းမြို့အတွက် လိုအပ်တဲ့ ကုန်ပစ္စည်းများကို Cargo လေယာဉ်တွေဖြင့်သာ အဓိကသယ်ယူနေခဲ့သလို  စစ်ကိုင်းတိုင်း အထက်ပိုင်း ဗန်းမောက်မြို့နယ်ကနေလည်း သယ်ယူခဲ့ကြတာဖြစ်ပါတယ်။ 

ကုန်သွယ်ရေးလမ်းကြောင်းပိတ်ဆို့ခံထားရမှုတွေကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းကုန်စျေးနှုန်းတွေဟာ တခြားဒေသတွေထက် သုံးဆနီးပါးမြင့်တက်နေမှုတွေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။ 

လက်တလော ကြက်သားတပိဿာ တစ်သိန်းကျပ် ၊ ငါးတပိဿာ ခြောက်သောင်းမှ ရှစ်သောင်းကျပ် ၊ ဝက်သားတစ်ပိဿာ တစ်သိန်းကျပ်နီးပါးအထိ စျေးမြင့်တက်နေပါတယ်။ 

အခုလို စက်လှေတွေပြန်ဝင်လာတာကြောင့် လာမယ့်သီတင်းပတ်အတွင်းမှာ ကုန်စျေးနှုန်းလျော့ကျနိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းနေကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *