
ဇန်နဝါရီ ၆ ၊ လောက်ကိုင်
ကိုးကန့်ဒေသအားလုံးကို MNDAA က ပြန်လည်သိမ်းပိုက်ပြီးနောက် အောင်ပွဲနေ့အဖြစ်သတ်မှတ်တဲ့“ ပြည်လည်ထူထောင်ရေးနေ့” ကို မနေ့က ဇန်နဝါရီလ ၅ ရက်နေ့မှာ ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
နန်ထင်မိန်တောင်ကုန်းကို MNDAA က သိမ်းပိုက်ခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကို “ပြန်လည်ထူထောင်ရေးနေ့” အဖြစ်သတ်မှတ်လိုက်တာဖြစ်ပါတယ်။
ပြန်လည်ထူထောင်ရေးနေ့ရဲ့ အနှစ်သာရအဖြစ် အချက် (၃) ချက်ကို ပြောဆိုထားပြီး သမိုင်းကို မမေ့ဖို့ ၊ တော်လှန်ရေးစိတ်ဓာတ် ၊ တပ်နဲ့ပြည်သူ စည်းလုံးညီညွတ်မှုနဲ့ အနာဂတ်အတွက် တာဝန်တွေကိုထမ်းဆောင်ဖို့ဖြစ်တယ်လို့ The Kokkang က ဖော်ပြပါတယ်။
လက်ရှိ MNDAAက အထူးဒေသ (၁) ကို ခရိုင်(၄)ခုနဲ့ မြို့တော် (၁) ခုဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး ကို ၂၀၂၃ ခုနှစ် မှာစတင်ခဲ့ပြီး ကိုးကန့်တပ်တွေနဲ့ ညီနောင်မဟာမိတ်တပ်တွေက သိန္နီ၊ လားရှိုး၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ်(ပန်ဆိုင်း) ၊ ကွမ်းလုံ မြို့အပါဝင် (၉) မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။
လားရှိုးမြို့ကိုတော့ ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုကြောင့် ကိုးကန့်တပ်တွေက ပြန်လည်ဆုတ်ခွာခဲ့ပြီး အခုနှစ်မှာလည်း လားရှိုး-မန္တလေးလမ်းပိုင်းပေါ်ကနေ အပြီးဆုတ်ပေးလိုက်ပြီလည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံဘက်ကလည်း နယ်စပ်ဒေသ ကုန်သွယ်ရေးတွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး အခုရက်ပိုင်းမှာပဲ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်မှ နေ့စဉ် ကုန်တင်ယာဉ် အစီးရေ (၂၀၀) ကျော် ကုန်သွယ်မှုတွေရှိနေတယ်လို့ သိရပါတယ်။
