နိုဝင်ဘာ ၆ ၊ ကောလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကောလင်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ နိုဝင်ဘာလ (၆) ရက်နေ့မှာ ကြေညာပါတယ်။
ကောလင်းမြို့ပေါ်က ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ စီးပွားရေးဘဏ်၊ မြေစာရင်းရုံး တွေကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားရပ်တန့်သွားခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့မှစတင်ပြီး ကောလင်းမြို့ကို ကောလင်းခရိုင်ကွပ်ကဲရေး အစီအစဥ်နဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော်(PDF)နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်တာဖြစ်တယ်လို့ NUG ကပြောဆိုထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက် လက်နက် (၅၈) လက်ရရှိထားတယ်လို့ ကနဦးထုတ်ပြန်ထားပြီး PDF တပ်ဖွဲ့များဘက်က တစ်ဦးသာထိခိုက်သေဆုံးတယ်လို့ Kawlinn Revolution KR team က ဒီမနက်မှာ ထုတ်ပြန်ထားပါတယ်။
ကောလင်းမြို့ဟာ ခရိုင်အဆင့်မြို့တစ်ခုဖြစ်ပြီး NUG အနေနဲ့ ပထမဆုံးတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ခရိုင်အဆင့်ရှိတဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲကြောင့် ဌာနဆိုင်ရာရုံးများ၊ နေအိမ်များ ထိခိုက်ပျက်စီးသလို စစ်ဘေးရှောင်အရေအတွက်ကလည်း ငါးသောင်းဝန်းကျင်ရှိတယ်လို့ ကောလင်းစစ်ရှောင်သတင်းများကို ထုတ်ပြန်နေတဲ့ Kawlin info မှ သိရပါတယ်။
ကောလင်းမြို့နယ်မှာ လူဦးရေး တစ်သိန်းခွဲကျော်နေထိုင်ပြီး မြို့ပေါ်မှာ လူဦးရေ နှစ်သောင်းခွဲကျော်ရှိပြီး ကျေးလက်မှာ တစ်သိန်းနှစ်သောင်းကျော်နေထိုင်တဲ့မြို့လည်းဖြစ်ပါတယ်။
ကောလင်းမြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။