
မတ် ၁ ၊ ၂၀၂၃ ခုနှစ်
ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီလို့ အမည်ပြောင်းပြီး တစ်နိုင်ငံလုံးကို စည်းရုံးမယ့်ပါတီအဖြစ် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံပြန်တင်ထားတယ်လို့ သိရပါတယ်။
“ အရင်ကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီပေါ့နော်။ ဒီတစ်ခါတော့ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ “နှင့်” တစ်လုံးပိုလာတယ်။ ဆိုလိုတာက ရှမ်းရော တိုင်းရင်းသား အားလုံးပေါ့ တိုင်းရင်းသား အားလုံးပါတယ်ပေါ့နော် ။ အဲ့လို ပေါ့ ။ ပြည်ထောင်စု တစ်ဝန်းလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ”ဟု ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ရှမ်းနီအသံကို ပြောပါတယ်။
၂၀၂၃ ခု ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မှတ်ပုံတင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် စီနီယာနံပါတ် ၁၂ ဖြစ်ကြောင်းလည်း သိရပါတယ်။
ထို့ပြင် ကျားဖြူပါတီ အနေဖြင့် ရွေးကောက်ပွဲဥပဒေသစ်ကြောင့် ပြဌာန်းထားသော တစ်နိုင်ငံလုံးရှိမြို့နယ်ထက်ဝက်ခန့်တွင် ရုံးခန်းဖွင့်လှစ်နိုင်ရန်အတွက်လည်း ပြင်ဆင်ထားပြီးဖြစ်လို့ ဆိုပါတယ်။
“အန်ကယ်တို့ ရန်ကုန်တိုင်းရယ် ၊ ရန်ကုန်တိုင်း ၄၄ မြို့နယ် ဝင်ပြိုင်မယ်။ ဧရာဝတီတိုင်း ၂၆ ၊ ပဲခူးတိုင်း ၂၈ ၊ မန္တလေး ၂၅ ၊ နေပြည်တော် ၈ ၊ မကွေး ၁၀ ၊ ရှမ်းပြည် ၄၃ မြို့နယ်ပေါင်း အဲ့လောက်ဝင်မှာ ။”ဟု သူက ဆက်ပြောပါတယ်။
ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီအနေနဲ့ စစ်မက်ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာမဟုတ်ဘူးလို့ဆိုပါတယ်။
ယခင်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ကချင်ပြည်နယ်မှာလည်း KIA ရဲ့ တားဆီးပိတ်ပင်မှုတွေမရှိရင်တော့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်ရှိနေတယ်လို့လည်းသိရပါတယ်။
၎င်းတို့ပါတီဟာ တောင်သူလယ်သမား၊ အလယ်အလတ်နှင့် အောက်ခြေလူတန်းစားတွေရဲ့ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကရှေးရှူပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
SNDP ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ကျင်းပသော ၂၀၁၀ ရွေးကောက်ပွဲကို အစဦးဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ တိုင်းရင်းသားပါတီများထဲက လွတ်တော်အမတ်ဦးရေအများဆုံး အနိုင်ရခဲ့သော ပါတီတစ်ခုလည်းဖြစ်ပါတယ်။